ယတြာချေဖို့ ကလေးကို ခိုးယူခဲ့ပြီး ၂၆ နှစ်ကြာမှ မိခင်ရင်းထံပြန်အပ် သို့သော်..
13 Jun 2019 1,506 Views
ဘယ်သူဘာပြောပြော နားထောင်ချင်မှ နားထောင်ပေမယ့် ဗေဒင်ဆရာတွေ ပြောစကားဆိုရင်တော့ တသွေမတိမ်းလိုက်နာတတ်ကြတဲ့ သူတွေကို တွေ့ဖူးကြမယ်ထင်ပါတယ်။ လူအတော်များများ (အထူးသဖြင့်) အမျိုးသမီးအများစုက ဗေဒင်မေးရတာ ဝါသနာပါလေ့ရှိပါတယ်။ လူမှုရေး၊ စီးပွားရေးတွေမှာ အခက်အခဲနဲနဲလောက်ကြုံတာနဲ့ ချက်ခြင်းဆိုသလို ကိုယ်ယုံကြည်ရာ ဗေဒင်ဆရာတွေဆီ အားကိုးတကြီး ပြေးကြတော့တာပါပဲ။
ဒါပေမယ့် အချို့ဗေဒဆရာတွေ လမ်းညွှန်ပေးတဲ့ ယတြာတွေဟာ ကာယကံရှင်တွေကို လမ်းမှားရောက်ပြီး မမျှော်လင့်ပဲ ရာဇဝတ်မှုကျူးလွန်မိသွားတဲ့ထိ ဖြစ်တတ်ပါတယ်။ အဲဒီအထဲမှာ တရုတ်နိုင်ငံက ‘ဟီရှောင်းဖင်’ ဆိုတဲ့ အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ရပါတယ်။
၁၉၉၂ ခုနှစ်မှာ ‘ဟီရှောင်းဖင်’ ရဲ့ သားနှစ်ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီအတွက် သောကပွေနေတဲ့ သူမက သူသားလေးတွေကို ပြန်ရှာတွေ့နိုင်ဖို့ ဗေဒင်သွားမေးခဲ့ပါတယ်။ ဗေဒင်ဆရာက သူမမှာ ကံကြမ္မာဆိုးတွေ ဝင်နေတဲ့အတွက် ဖြစ်ရတာဖြစ်ပြီး ဒီလိုကံမကောင်းခြင်းတွေကို ဖယ်ရှားဖို့ဆိုရင် တစ်ယောက်ယောက်ဆီကနေ ကလေးကို ပြန်ခိုးမှ လွတ်မယ်လို့ ဟောလိုက်ပါတယ်။
ဗေဒင်ဆရာကို ယုံကြည်တဲ့ ‘ဟီရှောင်းဖင်’ ဟာ အဲဒီအချိန်ကစပြီး မှတ်ပုံတင်အတု လုပ်ကာ ကလေးခိုးဖို့ ကြိုတင်ကြံစည်ခဲ့ပါတယ်။ ကလေးထိန်းအဖြစ် ဟန်ဆောင်ကာ ချောင်းကွင်းစီရင်စုမှာ နေထိုင်တဲ့ “ကျူရှကွမ်း” ဆိုတဲ့ အမျိုးသမီးရဲ့အိမ်မှာ ကလေးထိန်းဝင်လုပ်ခဲ့ပါတယ်။ သူမထိန်းရတဲ့ ကလေးက ၁၅ လသားအရွယ် ယောက်ျားလေးဖြစ်ပါတယ်။
ကလေးထိန်းဝင်လုပ်ပြီး တစ်ပတ်လောက်အကြာမှာတော့ ကလေးခိုးမယ့်အစီစဉ်ကို စတင်ခဲ့ပါတယ်။ ကလေးနဲ့အတူ စျေးဝယ်ထွက်မယ်လို့ “ကျူရှကွမ်း” ကို အကြောင်းပြပြီး ကလေးကို ခေါ်ထုတ်ကာ နန်ချောင်း စီရင်စုမှာရှိတဲ့ သူမရဲ့အိမ်ကို အပြီးအပိုင် ခိုးယူသွားခဲ့ပါတယ်။
ကလေးကို “လျှိုကျင်ရှင်း” လို့ နာမည်ပေးလိုက်ပါတယ်။ အဲဒီနာမည်က သူမရဲ့ ပျောက်သွားတဲ့ သားအငယ်လေးရဲ့ နာမည်ဖြစ်ပါတယ်။ သူမဟာ ကိုယ်ပိုင်စီးပွားရေး တစ်ခုကို မထူထောင်နိုင်သေးခင် အချိန်ထဲက ဒီကလေးကို ၂၆ နှစ်လုံးလုံး သူမရဲ့သားအရင်းလေးလို သဘောထားကာ ဒုက္ခတွေခံ အလုပ်နှစ်ခုသုံးခုလုပ်ပြီး ရင်အုပ်မကွာစောင့်ရှောက်ရင်း အတန်းပညာတွေလည်း သင်ကြားပေးခဲ့ပါတယ်။
“ဟီရှောင်းဖင်”
၁၉၉၅ ခုနှစ်မှာတော့ “ဟီရှောင်းဖင်” သမီးလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ဒီအချက်ကြောင့် ဗေဒင်ဆရာပြောတဲ့အတိုင်း ယတြာချေလို့ အခုလို ကံဆိုးကံညံ့တွေ လွတ်သွားတာ ဖြစ်တယ်လို့ ပိုပြီး ယုံကြည်သွားခဲ့ပါတယ်။
ဒါပေမယ့် ၂၂ နှစ်လောက် အကြာ၊ တစ်ရက်မှာတော့ အမျိုးသမီးကြီးတစ်ယောက် သားပျောက်တာကိုလိုက်ရှာရင်းနဲ့ သူမရဲ့တစ်ဘဝလုံး အချိန်တွေကုန်ဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှန် ရုပ်သံအစီစဉ်ကို ကြည့်ပြီး သူ ကလေးကို ခိုးယူခဲ့တဲ့ လုပ်ရပ်ဟာ အမှားကြီးတစ်ခု ကျူးလွန်ခဲ့မိတာပါလားလို့ သဘောပေါက်လာပြီး အပြစ်ရှိသလို ခံစားလာရပါတယ်။
“လျှိုကျင်ရှင်း”
အဲဒီအချိန်ကစပြီး ကလေးရဲ့ မိခင်ရင်းဖြစ်တဲ့ “ကျူရှကွမ်း” ကို အဆက်အသွယ်ရအောင် ကြိုးစားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူတို့ အဆက်အသွယ်ရခဲ့ကြပါတယ်။ သူမ ခိုးယူခဲ့တဲ့ ကလေးကို မိခင်ရင်းထံ ပြန်အပ်မယ်အလုပ်မှာ မမျှော်လင့်တဲ့ အဖြစ်ပျက်တစ်ခု ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ “ကျူရှကွမ်း” ဟာ သူမရဲ့ ပျောက်သွားတဲ့ ကလေးကို ၁၉၉၅ ခုနှစ်မှာ ပြန်တွေ့ခဲ့ပြီ ဆိုတာပါပဲ။ အဲဒီကလေးကို “ပန်ပန်” နာမည်ပေးထားပါတယ်။
“ပန်ပန်” ဟာ တစ်ကယ့်ကိုပဲ “ကျူရှကွမ်း” ရဲ့ သားအရင်းဖြစ်တဲ့ “လျှိုကျင်ရှင်း” နဲ့ အတော်လေး ဆင်တူပါတယ်။ “ကျူရှကွမ်း” ဟာ သူမရဲ့ တစ်ဘဝလုံး “ပန်ပန်” ကို သားအရင်းထင်ပြီး ပြုစုစောင့်ရှောက်လာခဲ့တာပါ။ အခုကိစ္စပေါ်လာတဲ့အခါ ရှော့ခ်ဖြစ်သွားရပါတယ်။
လတ်တလော စစ်ဆေးထားတဲ့ DNA အရ “လျှိုကျင်ရှင်း” ဟာ “ကျူရှကွမ်း” ရဲ့ သားအရင်းစစ်စစ် ဖြစ်နေတာကိုတွေ့ရပါတယ်။ “ပန်ပန်” နဲ့တော့ DNA မတူတာကိုတွေ့ရပါတယ်။
“ကျူရှကွမ်း” “လျှိုကျင်ရှင်း”
၁၉၉၅ တုန်းက ဟန်နန်တရားရုံးတော်မှာ “ပန်ပန်” ကို DNA စစ်ခဲ့စဉ်က သူမနဲ့ တူတယ်လို့ အဖြေထုတ်ပေးခဲ့ပြီး ပျောက်ဆုံးနေတဲ့ ကလေး မိခင်ရင်းနဲ့ ပြန်တွေ့ဟုဆိုကာ အမှုပိတ်ခဲ့ပါတယ်။ အဲဒီလို ပြီးစလွယ် DNA အမှားနဲ့ လွဲမှားစွာဆုံးဖြတ်ခဲ့တဲ့အတွက် “ကျူရှကွမ်း” က တရားရုံးတော်ကို ပြန်လည် တရားစွဲထားပြီး နစ်နာကြေး တရုတ်ယွမ် ၂.၉၅ မီလီယံ တောင်းခံထားပါတယ်။
DNA အရ မှန်ကန်ပေမယ့် လက်တလောမှာတော့ “ကျူရှကွမ်း” ဟာ “လျှိုကျင်ရှင်း” ကို သားအရင်းအဖြစ် လက်ခံဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ အစပိုင်းမှာတော့ “လျှိုကျင်ရှင်း” ဟာ သောက်တတ်သူဖြစ်လို့ သူတို့ရဲ့ သားသမီးနဲ့ မိခင် ဆက်ဆံရေး ကြာရှည်ခံမှာ မဟုတ်ဘူးလို့ ငြင်းပယ်ထားသလို၊ ဒါတွေအားလုံးဟာ ကလေးကို ခိုးခဲ့တဲ့ “ဟီရှောင်းဖင်” ရဲ့ အပြစ်တွေလို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူမပြောခဲ့တာတွေအတွက် တောင်းပန်ပါတယ်လို့ “ဟီရှောင်းဖင်” ကို ကိုယ်တိုင်ကိုယ်ကျ ဝန်ချခဲ့ပြီး သူ့ရဲ့ သားအရင်းဖြစ်နေတဲ့ “လျှိုကျင်ရှင်း” ကို စောင့်ရှောက်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောဆိုပြီး လက်ရှိမှာတော့ သူတို့အားလုံးရဲ့ ဆက်ဆံရေး ပြေလည်နေကြပါတယ်။ တရားရုံတော်ကသာ DNA မှားယွင်းထုတ်ပြန်ပြီး ဆုံးဖြတ်ခဲ့မှုအတွက် တရားစွဲခံထားရပါတယ်။