“တွမ်ခရုစ်” ကို ချိန်းပြီး ထိုးမယ်လို့ ပေါ်တင်စိန်ခေါ်လိုက်တဲ့ “ဂျက်စတက်ဘီဘာ”
11 Jun 2019 1,404 Views
ဇွန်လ ၁၀ ရက်နေ့က လူမှုကွန်ယက် တွစ်တာပေါ်ကနေတစ်ဆင့် အဆိုတော် “ဂျက်စတက်ဘီဘာ” က ရုပ်ရှင်မင်းသား “တွမ်ခရုစ်” ကို MMA ကစားသမားများ ထိုးသတ်တဲ့ UFC ပြိုင်ပွဲက လှောင်အိမ်ထဲမှာ ထိုးသတ်ဖို့ စိန်ခေါ်ခဲ့ပါတယ်။
“ကျွန်တော် ‘တွမ်ခရုစ်’ ကို လှောင်အိမ်ထဲမှာ ထိုးသတ်ဖို့ စိန်ခေါ်ပါတယ်။ ‘တွမ်’ ရေ ခင်များ ဒီစိန်ခေါ်မှုကို လက်မခံဘူးဆိုရင်တော့ ခင်ဗျားက ငကြောက်ပဲ ဒီတိုင်းနေခဲ့လိုက်တော့။ ဒီပွဲဖြစ်အောင် ဘယ်သူစီစဉ်ပေးမလဲ” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
အဆိုပါ စိန်ခေါ်မှုနဲ့အတူ UFC ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Dana White ကိုပါ ပွဲစီစဉ်ပေးစေလိုတဲ့ သဘောနဲ့
တက်ခ်ချိပ်ထားခဲ့ပါတယ်။
ဒါပေမယ့် Dana White က ဘာမှ အကြောင်းမပြန်ခဲ့ပါဘူး။ အဲဒီအချိန်မှာ အမြဲတမ်းသွေးဆူလွယ်တဲ့ UFC ကစားသမားဟောင်း ‘ကော်နာမက်ဂရီဂေါ’ က ချက်ခြင်းဆိုသလို သူ့ရဲ့တွစ်တာပေါ်ကနေ ‘ဂျက်စတင်ဘီဘာ’ရဲ့ ပိုစ့်ကို ပြန်ရှယ်ပြီး အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။
“တွမ်ခရုစ် က ယောက်ျားပီသတယ်ဆိုရင် ဒီစိန်ခေါ်မှုကို လက်ခံမှာပါ။ လက်ခံမယ်ဆိုရင်တော့ McGregor Sports and Entertainment ကနေ ဒီပွဲကို အကုန်ကျခံစီစဉ်ပေးမယ်။ တွမ်ခရုစ် ကရော သူ့ရဲ့ရုပ်ရှင်ကားတွေထဲကလို ဖိုက်ဖို့ ‘ဇ’ရှိပါ့မလား..? စောင့်ကြည့်မယ်လေ..” လို့ ရေးသားခဲ့ပါတယ်။
“ဂျက်စတင်ဘီဘာ” အသက် ၂၅ နှစ်က သူ့ထက် အသက်နှစ်ပြန်လောက်ကြီးတဲ့ မင်းသားကြီး “တွမ်ခရုစ်” ၅၆ နှစ်ကို ဘာကိစ္စနဲ့ စိန်ခေါ်တယ်ဆိုတာတော့ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။
အကယ်၍ သူတို့နှစ်ယောက်သာ လှောင်အိမ်ထဲမှာ MMA ထိုးသတ်မယ်ဆိုရင် ဘယ်သူနိုင်မယ်ထင်လဲ..?