BEC-TERO TV

ကျောင်းသားလေးများအား လှူဒါန်းရန် စင်ကာပူမှ စက်ဘီးများ ဝယ်ယူတင်သွင်း

05 Jun 2019     1,376 Views


ကျေးလက်ဒေသက ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားကလေးတွေအတွက် လှူဒါန်းရန် စင်ကာပူနိုင်ငံမှ စက်ဘီးများကို စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်တဲ့ ကိုမိုက်ခ်သန်းထွန်းဝင်း က အခက်အခဲတွေကြားကနေ မြန်မာပြည်အရောက် တင်သွင်းခဲ့ပါတယ်။
 
စင်ကာပူနိုင်ငံမှာ စက်ဘီးအငှားဝန်ဆောင်မှုလုပ်ငန်း ‘oBike’ ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က လုပ်ငန်းရပ်ဆိုင်ခဲ့ပြီးနောက် နိုင်ငံအဝှမ်းက ပန်းခြံတွေ၊ အများပြည်သူသွားလာကြတဲ့နေရာတွေမှာ စက်ဘီးတွေကို ဒီအတိုင်း ထားခဲ့ကြပါတယ်။ 
 
ဒီလိုမျိုးအလဟသဖြစ်တော့မယ့် စက်ဘီးအကောင်းတွေကို စင်ကာပူနိုင်ငံမှာ နေထိုင်တဲ့ မြန်မာလူမျိုး စွန့်ဦးတီထွင်သမား ကိုမိုက်ခ်သန်းထွန်းဝင်း က မြန်မာပြည်က ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားလေးတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ပြီး ပြန်လည်ဝယ်ယူလိုက်ပါတယ်။
 
 
“ဒီစက်ဘီးတွေကို မြန်မာပြည် ကျေးလက်တွေမှာရှိတဲ့ ဆင်းရဲတဲ့ ကျောင်းသားကလေးတွေကို ပြန်ဝေပေးလိုက်ရရင် ကလေးတွေ ကျောင်းကို စက်ဘီးလေးနဲ့ သွားနိုင်ကြမှာပဲ” ဆိုပြီး အတွေးဝင်ခဲ့တယ်လို့ ဆိုပါတယ်။
 
အသက် ၃၃ နှစ်အရွယ် ကိုသန်းထွန်းဝင်း က မန္တလေးမှာ ကြီးပြင်းခဲ့ပြီး ငယ်ငယ်က ကျောင်းကို လမ်းလျှောက်ပြီး သွားခဲ့သူပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မြန်မာပြည် အလည်ပြန်ရောက်ခဲ့ပြီး ဝေးလံတဲ့ ဒေသတွေဆီရောက်တဲ့အခါ မြန်မာပြည်က အများကြီးမပြောင်းလဲသေးတာ တွေ့လိုက်ရပါတယ်။ ကလေးတွေဟာ ကျောင်းကို တန်းစီပြီး မိနစ် ၃၀ လောက် လမ်းလျှောက်သွားနေကြတဲ့ မြင်ကွင်းကို မြင်ခဲ့ရပါတယ်။
 
အကယ်၍ ကလေးတွေသာ လမ်းလျှောက်ရတဲ့အချိန် နဲသွားမယ်ဆိုရင် စာလုပ်ဖို့ အချိန်ပိုရလာနိုင်တယ်၊ ဒါဆိုရင် အသိပညာတွေ တိုးလာပြီး ဆင်ရဲတွင်းကနေ ရုန်းထွက်နိုင်မှာပဲလို့ တွေးမိခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီအချိန်ကနေစပြီး “Lesswalk” လမ်းလျှောက်ချိန်လျှော့ရအောင် ဆိုတဲ့ လှုပ်ရှားမှုလေးကို မတ်လ မှာ စတင်လှုပ်ရှားခဲ့ပါတယ်။ ဒါကိုအကောင်ထည်ဖော်နိုင်ဖို့ ဖျက်သိမ်းသွားပြီဖြစ်တဲ့ oBike နဲ့ oFo တို့ရဲ့ စက်ဘီးတွေကို ဝယ်ပြီး ရန်ကုန်ကို ပို့ဖို့ ကြိုးစားခဲ့ပါတယ်။
 
 
လွန်ခဲ့တဲ့ သုံးလခန့်က စက်ဘီးစီးရေ ၁၀,၀၀၀ ကို စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ကနေ ဝယ်ယူခဲ့ပါတယ်။ အဲဒီအထဲက စီးရေ ၄,၀၀၀ ကို စင်ကာပူ လေလံပွဲမှာဝယ်ယူခဲ့ပါတယ်။ စက်ဘီးတစ်စီးကို ပျှမ်းမျှ စင်ကာပူဒေါ်လာ ၂၀ ကျင်သင့်ပါတယ်။ 
 
စက်ဘီးစီးရေ ၅,၀၀၀ ကိုတော့ သူ့ရဲ့ ကိုယ်ပိုင်ငွေနဲ့ ဝယ်ယူခဲ့ပြီး ကျန် ၅,၀၀၀ ကိုတော့ ပါဝင်ကူညီကြတဲ့ စက်ချောဆီကုမ္ပဏီတွေရဲ့ ပံ့ပိုးမှုနဲ့ ဝယ်ယူခဲ့ပါတယ်။ စက်ဘီးအားလုံးကို သူ့ရဲ့ ကိုယ်ပိုင်ငွေနဲ့ ဝယ်ဖို့ ဆုံးဖြတ်ထားပေမယ့် မိတ်ဆွေတွေက သူ့ရဲ့ ရည်ရွယ်ချက်တွေ သိသွားပြီးပါဝင်ကူညီမယ်လို့ ကမ်းလှမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။
 
စက်ဘီးတွေကို စုဆောင်းဝယ်ယူပြီးပြန်တဲ့အခါ မြန်မာပြည်ကို တင်ပို့ဖို့ အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရပါသေးတယ်။ စက်ဘီးတွေမှာ ကပ်ထားတဲ့ စီးပွားရေးကြော်ငြာလုပ်ငန်းရှင်တွေက သူတို့ရဲ့ တံဆိပ်တွေဖယ်ရှားခိုင်းတာ ပိုက်ဆံတောင်းတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
 
ရန်ကုန်ရောက်တဲ့အခါမှာ စက်ဘီးတွေ သွင်းလာတာနဲ့ပက်သက်ပြီး ဌါနဆိုင်ရာအရာရှိတွေနဲ့ ဖြေရှင်းမှုတွေကြုံခဲ့ရပြီး လှူဒါန်းမှာဖြစ်ကြောင်း ရှင်းပြခဲ့ရပါတယ်။ စက်ဘီးတွေက အသစ်လို ဖြစ်နေတဲ့အတွက် အကောက်ခွန်နဲ့ ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်လို့ ဆိုပါတယ်။ 
 
နောက်ဆုံးမှာတော့ ပထမသုတ် စက်ဘီး ၃,၃၀၀ ကို ဇွန်လ ပထမအပတ်မှာ ရရှိခဲ့ပြီး မန္တလေးကို ထပ်မံပေးပို့ခဲ့ပါတယ်။ နောက်ထပ်အသုတ် စီးရေ ၁,၀၀၀ ကို ဇွန်လ ၅ ရက်နေ့မှာ စင်ကာပူကနေ ရောက်လာမယ်လို့ မျှော်လင့်ထားပါတယ်။
 
 
စက်ဘီးတွေကို ကလေးတွေစီ မဖြန့်ဝေခင်မှာ ပြင်ဆင်စရာရှိတာတွေအားလုံးကို အကောင်းအတိုင်းဖြစ်အောင် ပြုပြင်ပါတယ်။ အဲဒီနောက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းကစလို့ ကျေးရွာလေးတွေမှာ နေထိုင်တဲ့ မိသားစုတွေကို ဝေမျှပေးခဲ့ပါတယ်။
 
နောက်ထပ် စက်ဘီး ၆,၇၀၀ ကို ယခုလကုန်ပိုင်းမှာ ရောက်ရှိမယ်လို့ မျှော်လင့်ထားပြီး လိုအပ်တဲ့ မိသားစုတွေကို ဖြန့်ဝေပေးဖို့ ရှိနေပါတယ်။
 
ကိုသန်းထွန်းဝင်း ဟာ အသက် ၈ နှစ်အရွယ်ထဲက စင်ကာပူနိုင်ငံကို ရောက်ခဲ့ပြီး ဗစ်တိုးရီးယားကျောင်း နဲ့ တီမားဆက်ခ် ဂျူနီယာကောလိပ်တို့မှာ ပညာသင်ကြားခဲ့ပြီး နန်ယန်းနည်းပညာတက္ကသိုလ်ကနေ စီးပွားရေးဘွဲ့ရခဲ့ပါတယ်။
 
၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်ပြီး ကုန်သွယ်မှုစီးပွားရေးလမ်းကြောင်းထဲမှာ စီးပွားရေးလုပ်ငန်း ထူထောင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ BOD Tech Ventures ကုမ္ပဏီကို စတင်ခဲ့ပြီး အခုဆိုရင် အွန်လိုင်းစီးပွားရေးတွေမှာ ရင်းနှီးမြုတ်နှံမှုတွေ လုပ်ထားပါပြီဖြစ်ကြောင်း စင်ကာပူသတင်းစာတွင် ဖော်ပြပါရှိသည်။

 


05 Jun 2019     1,376 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS