iOS 13 မှာ ပါဝင်လာမယ့် အကောင်းဆုံး လုပ်ဆောင်ချက် ၁၅ ခု
05 Jun 2019 1,461 Views
Apple ရဲ့ နှစ်စဉ်ပြုလုပ်နေကျ WWDC 2019 (Worldwide Developers Conference) မှာ iPhone အတွက် အသစ်ထွက်ရှိလာမယ့် iOS 13 နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ လုပ်ဆောင်ချက် အသစ်တွေနဲ့ ပြည့်နှက်နေတဲ့ iOS 13 ထဲက အကောင်းဆုံး လုပ်ဆောင်ချက် ၁၅ ခုကို ကြိုတင်ပြီး မိတ်ဆက်ပေးလိုက်ပါတယ်။
၁။ Speed (မြန်နှုန်း)
iOS 13 မှာ အဓိကပြုပြင်ပြောင်းလဲပေးထားတာက မြန်နှုန်းဖြစ်ပါတယ်။ Face ID နဲ့ ဖုန်းဖွင့်တဲ့ မြန်နှုန်း ၃၀% ပိုမြန်လာပါတယ်။ ဒါ့အပြင် အပလီကေးရှင်း App တွေကို ဖွင့်တဲ့အခါမှာလည်း လက်ရှိထက် နှစ်ဆပိုမြန်မြန်ပွင့်လာမှာဖြစ်ပါတယ်။ ဒီထက်ပိုပြီး ထူးခြားတာကတော့ iOS 13 အတွက် နောက်ထပ်ထုပ်ပေးမယ့် App တွေရဲ့ file size က ၆၀% ပိုသေးသွားမှာဖြစ်လို့ ဖုန်းမှာ နေရာလွတ်တွေ များများသုံးလို့ ရနိုင်ပါတယ်။
၂။ Dark Mode
Apple ရဲ့ iPhone မော်ဒယ်အသစ်တွေအားလုံး OLED မျက်နှာပြင်ပါရှိပါတယ်။ အနက်ရောင် Dark mode နောက်ခံမှာ ဆိုရင် App တွေက ပိုပြီးထင်ရှားစေသလို ဖုန်းရဲ့ ဘတ်ထရီကိုလည်း အချိန်ကြာကြာပိုအသုံးခံစေပါတယ်။ Dark mode ကို iPhone ရဲ့ အသွင်အပြင်အနေနဲ့ ရရှိနိုင်သလို Apple က ထုတ်တဲ့ App တွေတစ်ခုခြင်းစီမှာလည်း Dark mode ပြောင်းလဲနိုင်အောင် ထည့်ပေးတော့မှာပါ။
၃။ Swipe typing
iPhone အသုံးပြုသူတွေ တောင်းတနေခဲ့တဲ့ Swipe typing ကို iOS 13 မှာ Apple က ထည့်ပေးလိုက်ပါပြီ။ Swipe typing ဆိုတာကတော့ ကီးဘုတ်မှာ တစ်နေရာချင်း လက်ထောက်ပြီး ရိုက်နေစရာမလိုပဲ ကီးဘုတ်ရဲ့မျက်နှာပြင်ပေါ်မှာ စာလုံးတစ်လုံးကနေ တစ်လုံးကို ပွတ်ဆွဲကူးပြောင်းပြီး ရိုက်ရတဲ့ စနစ်ဖြစ်လို့ စာရိုက်ရာမှာ ပိုမိုမြန်ဆန်စေပါတယ်။
၄။ Reminders
လုပ်စရာရှိတာလေးတွေကို အချိန်နာရီနဲ့ သတိမမေ့အောင် မှတ်သားနိုင်တဲ့ Reminders App ကို အစဆုံးနီးပါး ပြုပြင်ပြောင်းလဲထားပုံရပါတယ်။ မှတ်စုတွေဖန်တီးရာမှာ ပိုမိုမြန်ဆန် လွယ်ကူလာပါတယ်။ ဒီထက် ပိုမိုက်တာကတော့ Smart Lists ဖြစ်ပါတယ်၊ Standard lists ထက်စာရင် အများကြီး ပိုကောင်းသွားပါတယ်။
၅။ Maps
Apple ရဲ့ Maps ကိုလည်း တစ်ကယ့်ကို ပိုပြီးအသေးစိတ်ကျကျဖြစ်အောင် ပြုပြင်ထားပါတယ်။ iOS 13 မှာ တွေ့မြင်ရမယ့် Map မှာ အမေရိကန်နိုင်ငံရဲ့ မြေပုံလမ်းကြောင်းကို အသေးစိတ်စတင်ပြောင်းလဲပေးထားပါတယ်။ တစ်နိုင်ငံလုံး မိုင်ပေါင်း ၄ သန်းဝန်းကျင်ရှိတဲ့ ကားလမ်းတွေမှာ အသေးစိတ်တွေ များစွာ ထပ်မံဖြည့်စွက်ပေးထားပါတယ်။ နောက်ပိုင်းမှာ အခြားနိုင်ငံတွေကိုလည်း Update ပြောင်းလဲပေးသွားဦးမှာပါ။
၆။ Sign In with Apple
အသုံးပြုသူ User တွေရဲ့ လုံခြုံရေးကို နံပါတ်တစ် ဦးစားပေးတဲ့ Apple က Sign In with Apple ကို iOS 13 မှာ မိတ်ဆက်လိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ကနေတစ်ဆင့် Google, Facebook တို့လို App တွေကို လုံခြုံစိတ်ချစွာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Sing In with Apple ကို အသုံးပြုလိုက်တာနဲ့ အခြား App တွေက ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်လက်တွေကို ခြေရာခံလို့ရတော့မှာ မဟုတ်ပါဘူး။
၇။ Home Kit
အိမ်မှာတပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေနဲ့ ချိပ်ဆက်ထားနိုင်ပါတယ်။ HomeKit Security camera မှာ မျက်နှာကိုဖတ်ပြီး သိနိုင်တဲ့ face recognition လုပ်ဆောင်ချက်ပါ ထည့်သွင်းထားပါတယ်။ ဒီလုပ်ဆောင်ချက်နဲ့ ကိုယ့်ရဲ့ ဗီဒီယိုတွေကို လုံခြုံစိတ်ချစွာ iCloud မှာလည်း သိမ်းဆည်းနိုင်ပါတယ်။ iCloud အကောင့်ရှိသူတိုင်း ၁၀ ရက်အခမဲ့ စမ်းသပ်သိမ်းဆည်းခွင့်ရမှာပါ။
၈။ Messages
iOS 13 ရဲ့ Messages မှာ ကိုယ့်ရဲ့ဓါတ်ပုံ အီမိုးဂျီပုံလေးတွေ ထည့်ထားနိုင်ပြီး ကိုယ်မက်ဆေ့ပို့တဲ့သူဆီကို တွဲလျက် ရောက်သွားမှာဖြစ်ပါတယ်။ ဒီနည်းနဲ့ ကိုယ့်ဆီကို မက်ဆေ့ပို့တဲ့ လူက ကိုယ်မမှတ်ထားတဲ့ ဖုန်းနံပါတ်အသစ်ဖြစ်နေပေမယ့် သူ့ရဲ့ပုံလေးကို ကြည့်ပြီး သိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အီမိုဂျီ အသစ်တွေလည်း များစွာထည့်ပေးထားပါတယ်။
၉။ Camera
ကင်မရာအတွက်လည်း လုပ်ဆောင်ချက်အသစ်တွေ (Portrait lighting, RIP, Apollo) စသည်ဖြင့် အများကြီးပါဝင်လာပါတယ်။ Photo App မှာလည်း ပိုမိုလွယ်ကူစွာ တည်းဖြတ်ပြုပြင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ဗီဒီယိုတွေလည်း ထိုနည်း၎င်း တည်းဖြတ်ပြုပြင်နိုင်ပါတယ်။
၁၀။ Photos
Photos App မှာ တည်းဖြတ်နိုင်တဲ့ လုပ်ဆောင်ချက်အသစ်တွေအပြင် အလိုလျှောက် ဓါတ်ပုံတွေကို ဒိုယာရီသဖွယ် စုစည်းပေးပါလိမ့်မယ်။ ဒါ့အပြင် ထပ်နေတဲ့ ပုံတူတွေကိုလည်း အလိုလျှောက် ဖျက်ပေးမှာ ဖြစ်လို့ storage နေရာတွေပုတ်တာ မဖြစ်တော့ပါဘူး။
၁၁။ AirPods
Apple က ထုတ်ထားတဲ့ ကြိုးမဲ့နားကြပ် AirPods အတွက် အမိုက်စားလုပ်ဆောင်ချက် တစ်ခု iOS 13 မှာ ပါလာပါပြီ။ ဒါကတော့ ကိုယ်နားထောင်နေတဲ့ အသံကို ခလုပ်တစ်ချက် နှိပ်လိုက်ရုံနဲ့ အခြား iPhone အသုံးပြုသူကို ချက်ခြင်း ပို့လွှတ်ပြီး အတူတစ်ကွ နားထောင်နိုင်ပါတယ်။ AirPods sharing လုပ်ဆောင်ချက် အသစ်ဖြစ်ပါတယ်။
၁၂။ CarPlay
ကိုယ့်ရဲ့ကားထဲမှာ Apple ရဲ့ CarPlay စက်တပ်ဆင်ထားသူတွေအတွက်လည်း လုပ်ဆောင်ချက် အသစ်တွေ ထပ်ထည့်ပေးထားသလို Siri ကလည်း Apple မဟုတ်တဲ့ အခြားတံဆိပ်ပစ္စည်းတွေနဲ့လည်း ချိပ်ဆက် အသုံးပြုနိုင်ပါပြီ။
၁၃။ Find My
iOS 13 မှာ Find My App အသစ် ပါဝင်လာပါတယ်။ ဒီ App က Find My Friends နဲ့ Find My iPhone တို့ရဲ့ လုပ်ဆောင်ချက်တွေကို ပေါင်းစည်းထားတာဖြစ်ပါတယ်။
၁၄။ Siri Voice
အလိုလျောက်ဖြေကြားနိုင်တဲ့ လုပ်ဆောင်ချက် Siri ရဲ့ အသံဟာ iOS 13 မှာ ပိုပြီး လူသားသဖွယ် သဘာဝကျလာပါပြီ။
၁၅။ Spam filter
နောက်ဆုံးတစ်ခုနဲ့ အသုံးအတည့်ဆုံး လုပ်ဆောင်ချက် အသစ်စက်စက်တစ်ခုကတော့ Spam Filter ပဲဖြစ်ပါတယ်။ ကိုယ်ဆီကို Unknown Call နဲ့ ဝင်လာတဲ့ ဖုန်းမှန်သမျှ Voicemail ထဲကို အလိုလိုရောက်သွားမှာ ဖြစ်လို့ နောက်ထပ် အာရုံနောက်စရာမလိုတော့ပါဘူး။
iOS 13 Update ကို iPhone, iPad, iPod Touch မော်ဒယ်အားလုံးမှာ သွင်းယူနိုင်မှာ မဟုတ်ပဲ အောက်ဖော်ပြပါ မော်ဒယ်များမှာသာ သွင်းယူနိုင်တော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ iOS 13 Beta ကို စမ်းသပ်သွင်းယူနိုင်ပါပြီ။