အိုမင်းလွယ်ရောဂါ ခံစားနေရတဲ့ ၁၂ နှစ်သမီးလေး အွန်လိုင်းအကျော်အမော်ဖြစ်လာ
04 Jun 2019 1,596 Views
အလွန်ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ မျိုးဗီဇနဲ့ ဆိုင်တဲ့ “အိုမင်းလွယ်ခြင်း” ရောဂါကို အသက် ၁၂ နှစ်အရွယ် Adalia Rose William ဆိုတဲ့ သမီးလေးခံစားနေရပါတယ်။ ဒီရောဂါကြောင့် သူမအသက် ၆ နှစ်အရွယ်မှာ ကိုယ်အလေးချိန်ဟာ ၁၄ ပေါင်ပဲ ရှိပြီး သူမရဲ့ မွေးကာစ မောင်လေးနဲ့ အလေးချိန် အတူတူပါပဲ။
မိခင်က သူမအတွက် ဖေ့စ်ဘွခ်အကောင့်တစ်ခု ဖွင့်ပေးခဲ့ပြီးနောက်ပိုင်းမှာတော့ Adalia တစ်ဖြည်းဖြည်းနဲ့ အွန်လိုင်းပေါ်မှာ နာမည်ကြီးလာခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ဆိုးဆိုးဝါးဝါး ရေးသားဝေဖန်မှုတွေ ရခဲ့သလို အကောင်းဘက်ကနေ စာနာစိတ်နဲ့အားပေး ရေးသားကြတဲ့ ပရိသတ်တွေလည်း ရလာခဲ့ပါတယ်။ အခုဆိုရင် ဖေ့စ်ဘွခ်မှာ သူ့ရဲ့ပရိသတ် ၁၃ သန်းကျော်ရှိနေပြီး YouTube မှာလည်း နားမည်ကျော်နေပါပြီ။
Adalia ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တက္ကဆက်ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးရာပါ ဖြစ်တောင့်ဖြစ်ခဲ “အိုမင်းလွယ်ခြင်း” ရောဂါပါလာခဲ့ပါတယ်။ သူမကို မွေးဖွားပြီး ၄ ပတ်သားလောက်မှာ ကလေးက ပုံမှန်မဟုတ်ဘူးဆိုတာ ဆရာဝန်တွေ သတိထားမိခဲ့ကြပါတယ်။
နောက်ထပ် ၂ လလောက် အကြာမှာတော့ မျိုးဗီဇကြောင့် အိုမင်းလွယ် ရောဂါရှိနေတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ မိဘတွေ ပူဆွေးသောက ရောက်ခဲ့ကြပါတယ်။ ဒီရောဂါဟာ တစ်ကမ္ဘာလုံးမှာမှ ကလေး ၅၀၀ လောက်မှာသာ ဖြစ်တာကြောင့် အလွန့်အလွန်ဖြစ်ခဲတဲ့ ရောဂါလည်းဖြစ်ပါတယ်။
ဒီရောဂါကြောင့် ကလေးဟာ ဆံပင်တွေမရှိပဲ ကတုံးဖြစ်နေပြီး အချို့ကလည်း သူမကို ယောကျ်ားလေးလို့ ထင်ကြပါတယ်။ ဒီလိုကလေးမျိုးတွေဟာ သက်ဆိုးမရှည်ပဲ ၁၃ နှစ်ထိလောက်သာ နေထိုင်နိုင်ကြတယ်လို့ Maya Clinic မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် Adalia ကတော့ လက်ရှိ အသက် ၁၂ နှစ်ကျော် အရွယ်ထိ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ ရှိနေဆဲပါ။
ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီရောဂါကြောင့် ပညာသင်လို့လည်း မရသလို တစ်ယောက်ယောက်ရဲ့ အကူညီမပါပဲနဲ့ လှေကားထစ်တွေလည်း မတက်နိုင်ပါဘူး၊ ဒါ့အပြင် ခန္ဓာကိုယ်မှာ အဆီမဖြစ်သလို၊ အသံကျယ်ကျယ်လည်း မထုတ်နိုင်(ကာတွန်းကားထဲက အသံမျှသာ)တဲ့အပြင် အရိုးအဆစ်တွေကလည်း မာဆတ်ဆတ် ဖြစ်နေပါတယ်။
သူမရဲ့ မိခင်ဖြစ်တဲ့ Natalia Amozurrutia က Adalia အတွက် ဖေ့စ်ဘွခ်အကောင့် ဖွင့်ပေးခဲ့ပြီး သူ့သမီးလေးရဲ့ ရောဂါအခြေအနေတွေကိုလည်း ဝေမျှခဲ့ပါတယ်။ ဒါ့အပြင် Adalia ရဲ့ ဓါတ်ပုံတွေ ဟစ်ဟော့ပ်သီချင်းတွေနဲ့ ကတဲ့ ဗီဒီယိုတွေပါ တင်ပေးခဲ့ပြီးနောက်မှာ Adalia က အွန်လိုင်း အကျော်အမော်လေး ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် YouTube ချန်နယ်တစ်ခုဖွင့်ထားပေးပြီး သူတို့မောင်နှမတွေက အလှအပအရေးရာအကြောင်းတွေ သူတို့ရဲ့နေ့စဉ် လှုပ်ရှားမှုဗီဒီယိုတွေ တင်ပေးနေတာကြောင့် လက်ရှိမှာ စောင့်ကြည့်နေကြတဲ့ ပင်တိုင်ပရိသတ် ၂ သန်းကျော်ရှိနေပါတယ်။
သူရဲ့မိဘတွေက Adalia ကို ပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်စေချင်ပြီး တိုတောင်းတဲ့ လူ့ဘဝမှာ မကောင်းပြောဆို ဝေဖန်မှုတွေအတွက် ခံစားဖို့အချိန်မပေးနိုင်ဘူးလို့ဆိုပါတယ်။ အွန်လိုင်းပေါ်မှာ မိတ်ဆွေသူငယ်ချင်း ဖြစ်ဖို့ထိုက်တန်တဲ့ လူကောင်းတွေလည်း အများကြီးရှိပါတယ်။ သူတို့တွေက Adalia ကို ချစ်ပြီး အားပေးနေကြပါတယ်လို့ သူမရဲ့ ဖခင်(ပထွေး) ဖြစ်တဲ့ Ryan က ပြောကြားခဲ့ပါတယ်။