သူဟာ အထီးကျန်နေသူတစ်ယောက်ဖြစ်ကြောင်း ကီနူးရိဗ် ဖွင့်ပြော
30 May 2019 1,824 Views
ဟောလိဝုဒ်ရုပ်ရှင်လောကမှာ တည်ကြည်ခန့်ငြား ရုပ်ဖြောင့်ပြီး နာမည်ကျော်တဲ့ ရုပ်ရှင်မင်းသားတွေထဲမှာ ‘ကီနူးရိဗ်’လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ The Matrix ရုပ်ရှင်ဇာတ်ကားတွဲများနဲ့ သူ့ရဲ့ နာမည်ဟာ ရုပ်ရှင်လောကမှာ ပိုပြီးခိုင်မာလာခဲ့သူပါ။
ဒါပေမယ့် ကံကိုပဲ အပြစ်ပုံရမလားမသိ၊ ‘ကီနူးရိဗ်’ က အလုပ်ကြိုးစားပြီး ဇာတ်ကားအတော်များများ ရိုက်ကူးခဲ့ပေမယ့် ပေါ်လိုက်ပျောက်လိုက်နဲ့ အောင်မြင်သင့်သလောက် အရမ်းကြီး မအောင်မြင်ခဲ့ပါဘူး။
Matrix နောက်ပိုင်းမှာ ပျောက်သွားခဲ့ပြီး Constantine နဲ့ ပြန်ပေါ်လာခဲ့ပါတယ်။ တစ်ခါ The Day The Earth Stood Still ရိုက်ကူးပြီး ပြန်ပျောက်သွားခဲ့ပြန်ပါတယ်။
နှစ်အတော်ကြာ တိမ်မြုတ်နေတဲ့ ‘ကီနူးရိဗ်’ ဟာ အခု အသက် ၅၄ နှစ်ရှိပြီဖြစ်ပြီး “John Wick” ဇာတ်ကားနဲ့ ထိပ်ဆုံးကို နောက်တစ်ခါ ပြန်ရောက်နေပြန်ပါပြီ။
သူရဲ့ အင်တာဗျူးတွေမှာ တစ်ခါမှ သူရဲ့တစ်ကယ့်ဘဝအကြောင်းကို ပြောပြလေ့မရှိပါဘူး၊ အထူးသဖြင့် ဘိန်းဖြူလက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ကျနေတဲ့ သူ့ရဲ့ ဖခင်အကြောင်းပါ။
“ကျွန်တော်ရဲ့ အနုပညာအလုပ်တွေကို သဘောကျအားပေးကြတဲ့ လူတွေကို ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာတွေ ပြောပြဖို့ တာဝန်မရှိဘူးလို့ ခံယူထားပါတယ်”
‘ကီနူးရိဗ်’ ရဲ့ ဘဝက နဲနဲတော့ဆန်းကျယ်ပါတယ်၊ အင်္ဂလိပ်မိခင်နဲ့ တရုတ်−ဟာဝိုင်အီ စပ်တဲ့ ဖခင်တို့က သူ့ကို လဘနွန်နိုင်ငံမှာ မွေးဖွားခဲ့တာပါ၊ ဒါပေမယ့် သူက ကနေဒါနိုင်ငံသား ခံယူထားပါတယ်။ သူ့ရဲ့ နာမည် ‘ကီနူး’ ဆိုတဲ့ အဓိပ္ပါယ်က ဟာဝိုင်အီဘာသာနဲ့ဆိုရင် အေးမြတဲ့ လေပြေလေညှင်းလေးတွေ တောင်ထိပ်ပေါ်ကနေ ဖြတ်သန်းသွားတယ်လို့ အဓိပ္ပါယ်ရပါတယ်။
သူတို့မိသားစု ကနေဒါနိုင်ငံ တိုရန်တို မှာ အခြေမချခင် သြစတြေးလျ နဲ့ နယူးရော့ခ် တို့မှာလည်း နေထိုင်ခဲ့ကြပါသေးတယ်။ သူ့ရဲ့ ငယ်ဘဝကို တိုရန်တိုမြို့မှာပဲ ဖြတ်သန်းခဲ့တာပါ။ သူ့ရဲ့ မိဘနှစ်ပါး အိမ်ထောင်ကွဲပြီးနောက် မိခင်က အဆိုတော်တွေဖြစ်တဲ့ Emmylou Harris နဲ့ Dolly Parton တို့ရဲ့ အဝတ်အစားဒီဇိုင်းတွေ ဖန်းတီးပေးရင်း အသက်မွေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ရုပ်ရှင်ဒါရိုက်တာ Paul Aaron နဲ့ နောက်အိမ်ထောင်ပြုခဲ့ပါတယ်။
‘ကီနူးရိဗ်’ အသက် ၁၈ နှစ်မှာ လော့စ်အိန်းဂျလိစ်ကို ရွေ့ပြောင်းလာပြီး ပထွေးဖြစ်သူနဲ့ အတူတူနေထိုင်ခဲ့ပါတယ်။ ၈ လလောက်အကြာမှာတော့ ‘River's Edge’ ဇာတ်ကားမှာ ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ပြီး ရုပ်ရှင်လောကထဲ ရောက်လာခဲ့ပါတယ်။
ရုပ်ရှင်လောကမှာ နာမည်ကျော်ဒါရိုက်တာ အတော်များများနဲ့ ဇာတ်ကားတွေ ရိုက်ကူးခဲ့ရပါတယ်။ မင်းသမီး ‘စင်ဒရယ်ဘူးလော့ခ်’ နဲ့ ရိုက်ကူးတဲ့ ‘Speed’ ရုပ်ရှင်ဇာတ်ကားဟာ သူ့ရဲ့ အအောင်မြင်ဆုံးဇာတ်ကားဖြစ်ခဲ့ပါတယ်။
အလှူအတန်းရက်ရောပြီး လုပ်ဖော်ကိုင်ဖက်တွေကို ငွေးရေးကြေးရေး အမြဲကူညီတတ်ပေမယ့် ‘ကီနူးရိဗ်’ ရဲ့ ဘဝမှာ ချစ်သူဆိုလို့ မူးလို့ရှုစရာတောင်မရှိဘူးလို့ဆိုပါတယ်။
“ကျွန်တော်က အထီးကျန်သမားပါ၊ ကျွန်တော်ဘဝမှာ ချစ်သူဆိုလို့ တစ်ယောက်မှ မရှိခဲ့ဖူးဘူး၊ အကယ်၍ရှိလာခဲ့ရင် အဲဒီလူရဲ့ အချစ်ကို လေးစားတန်ဖိုးထားမိမှာပါ၊ ဒီလိုကိစ္စမျိုး ကျွန်တော်ဘဝမှာ ရှိလာလိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်” လို့ ဆိုပါတယ်။
‘John Wick’ ရုပ်ရှင်ဇာတ်ကားနဲ့ တစ်ဖန်ပြန်လည် လူသိများလာတဲ့ ‘ကီနူးရိဗ်’ ဟာ “Little Buddha” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဗုဒ္ဓဘုရားရှင်နေရာကနေ တည်ငြိမ်အေးချမ်းတဲ့ မျက်နှာလေးနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်သွားခဲ့ပါတယ်။ ဒါပေမယ့် အယူဝါဒတွေအရ ဆိုရင် သရုပ်မဆောင်အပ်တဲ့ နေရာတွေကို သရုပ်ဆောင်မိလို့များ အနုပညာစန်းတွေက တက်သင့်သလောက် မတက်ပဲ တက်လိုက်ကျလိုက်ဖြစ်နေသလို နာမည်ကြီး ရုပ်ချောပါလျက် ကြင်နာဖော်မရှိသေးတာကလည်း ဆက်စပ်မှုများရှိနေမလားဆိုတာ မခန့်မှန်းတတ်တော့ပါ။