ယူရိုပါလိဂ်ဖိုင်နယ်ဟာ ဟာဇက်၏ချလ်ဆီးကစားသမားဘဝ နောက်ဆုံးပွဲဖြစ်လာဖို့ရှိနေ
29 May 2019 1,581 Views

ချလ်ဆီးအသင်းဟာ ဘယ်ဂျီယံလက်ရွေးစင်ကွင်းလယ်လူ ဟာဇက်ကို ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကြေးပေါင် (၁၁၅)သန်းဖြင့် ရောင်းချရန် သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းများထွက်နေပါတယ်။
အဆိုပါသတင်းများ၏ဖော်ပြချက်အရ အသက် (၂၈)နှစ်ရှိ ဟာဇက်သည် ရီးရဲလ်မက်ဒရစ်အသင်းတွင် တစ်ပတ်လစာ ပေါင် (၄၀၀၀၀၀)အထိရရှိမည်ဖြစ်တယ်လို့လည်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် ယခုနွေရာသီတွင် အသင်းအတွက် အပြောင်းအလဲများကြီးကြီးမားမားပြုလုပ်သွားမည်ဖြစ်ပြီး ဟာဇက်ကို အဓိကခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌ ပီရက်က '' ပရိသတ်တွေရဲ့အိပ်မက်ကို ပြန်လည်ကောင်အထည်ဖော်ပေးဖို့ ကျွန်တော်တို့ စီမံကိန်းတွေရေးဆွဲနေပါတယ်။ အောင်မြင်မှု တွေရရှိဖို့ ထက်သန်တဲ့ရည်မှန်းချက်တွေနဲ့ လုပ်ဆောင်သွားမှာပါ။ ဒီနှစ်မှာ အသင်းကို ဟာဇက်ရောက်လာမယ်လို့ ယုံကြည်ပါတယ်။ သူက ကြီးကျယ်တဲ့ကစားသမားတစ်ဦးပါ။ မနှစ်ကတည်းက သူ့ကို ခေါ်ယူဖို့ အလိုရှိခဲ့တယ်။ ဒီနှစ်မှာတော့ သူ့စာချုပ်သက်တမ်းက တစ်နှစ်ပဲကျန်တော့လို့ ခေါ်ယူဖို့ ပိုလွယ်ကူမှာပါ'' လို့ သတင်းစာ မှာပြောကြားခဲ့ပါတယ်။
ဟာဇက်သည် လက်ရှိအချိန်တွင် အာဆင်နယ်အသင်းနှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကစားရန် အဇာဘိုင်ဂျန်နိုင်ငံသို့ရောက်ရှိနေပြီး ယင်းပွဲမှာ သူ၏ချယ်လ်ဆီးကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်လာဖို့ရှိပါတယ်။