မြန်မာပလာဇာ နဲ့ YBS ယာဉ်ပေါ်မှာ ပေါ်တင်ကော်ရှုနေတဲ့ ကလေးငယ်များ (ရုပ်သံ)
22 May 2019 2,121 Views
မြန်မာပြည်ရဲ့ အနယ်နယ်အရပ်ရပ်ကနေ စီးပွားရေးမပြေလည်မှု အကြောင်းပြပြီး တစ်နေ့တစ်ခြား ပြောင်းရွေ့လာကြတာကြောင့် လူဦးရေတိုးပွားနေတဲ့ ရန်ကုန်မြို့ကြီးဟာ နေရေးထိုင်ရေးကအစ မနိုင်ဝန်ကိုထမ်းထားနေရပါတယ်။
ဒီလိုပြောင်းရွှေ့လာသူတွေအများစုဟာ ပညာရေးအခြေခံ နည်းပါးကြပြီး ကြုံရာကျပမ်း လုပ်ကိုင်စားသောက်ကြရာကနေ မိသားစုတွေပေါက်ပွားလာကြပါတယ်။ အဲဒီအကျိုးဆက်ကနေ ကျောင်းနေရမယ့်အရွယ်မှာ ကျောင်းမတက်နိုင်ပဲ လေလွင့်နေတဲ့ ကလေးတွေလည်း တစ တစ များပြားလာနေပါတယ်။
>>Read More ကိုနှိပ်ပြီး ဖတ်ရှုပါ<<
ဒီကလေးတွေကြားမှာ တန်ဖိုးနည်း မူးယစ်ဆေးလို့ ခေါင်းစဉ်တပ်လို့ရတဲ့ ကော်ရှုတဲ့ပြဿနာကလည်း ကြီးစိုးလာပါတယ်။ ရန်ကုန်မြို့ရဲ့ နေရာတိုင်းလိုလိုမှာ ကော်ရှုတဲ့ အရွယ်မရောက် ကလေးတွေကို မြင်တွေ့နေရတာဟာ အလွန်ရင်နာဖို့ကောင်းပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ ကလေးတွေက တိုင်းပြည်ရဲ့အနာဂတ်ဆိုတာ အားလုံးသိထားကြပြီးဖြစ်ပါလိမ့်မယ့်။ ငွေးရေးကြေးရေး ပြည့်စုံတဲ့ မိသားစုတွေ၊ အလယ်အလတ်တန်း မိသားစုတွေထက်စာရင် ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေက ကလေးမွေးဖွားနှုန်း မြင့်မားတာ ထုံးစံလို ဖြစ်နေပါပြီ။ ဒီလိုမိသားစုတွေက ပေါက်ပွားတဲ့ ကလေးတွေဟာ ပညာမသင်ကြားနိုင်ပဲ လေလွင့်နေတဲ့ ကလေးတွေအဖြစ် ဖြတ်သန်းကြရာကနေ နောင်နှစ် ၂၀ လောက်မှာ သူတို့အုပ်စု ကြီးထွားသွားခဲ့ရင် တိုင်းပြည်က အဖတ်ဆယ်လို့ ရနိုင်မယ်မထင်ပါဘူး။
လက်ရှိအခြေအနေ ရန်ကုန်မြို့မှာ ရင်ဆိုင်နေကြရတဲ့ စည်းကမ်းမလိုက်နာမှု၊ ခိုးဆိုးလုနှိုက်မှု၊ ရာဇဝတ်မှုတွေရဲ့ ၈၀% လောက်က ဒီအခြေအနေတွေကြောင့်ဖြစ်တယ်ဆိုတာ ရိပ်စားမိကြမယ်ထင်ပါတယ်။ အခုလိုအခြေနေမျိုးမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရေရှည်ကို မျှော်မှန်းပြီး ထိရောက်တဲ့ စီမံကိန်းဆောင်ရွက်မှုတွေနဲ့ ပညာပေး အရေးယူ ထိန်းသိမ်းသင့်ပါပြီ။
မေလ ၂၁ ရက်နေ ညနေပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာပလာဇာ ပရဝုဏ်အနီးမှာ လူကြားထဲ ကော်ရှုနေကြတဲ့ ကလေးငယ်အုပ်စုရဲ့ ဓါတ်ပုံတွေ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပါတယ်။
မြန်မာပလာဇာဟာ နိုင်ငံခြားသားတွေပါ ဝင်ထွက်သွားလာနေတဲ့ နေရာဖြစ်လို့ ဒီလိုလုပ်ရပ်ကြောင့် နိုင်ငံရဲ့ ပုံရိပ်လည်း ကျဆင်းစေသလို၊ မြန်မာလူမျိုးများလည်း မျက်နှာငယ်ရတဲ့ အဖြစ်မျိုးပါ။ တိုင်းပြည် မျက်နှာငယ်ရတာထက် ဒီကလေးတွေရဲ့ ရှေးရေးက ပိုပြီးရင်လေးစရာကောင်းပါတယ်။
အဆိုပါ ပိုစ့်ရဲ့အောက်မှာပဲ YBS ကားပေါ်မှာ လူကြားထဲ ပေါ်တင်ကော်ရှုနေတဲ့ ကလေးငယ်တစ်ဦးရဲ့ ရုပ်သံပါ ထပ်မံတွေ့ခဲ့ရပါတယ်။ YBS ကားဆိုတာ အများပြည်သူသွားလာနေတဲ့ ခရီးသည်တင်ယာဉ်ဖြစ်လို့ ဆေးလိပ်တောင် သောက်ခွင့်မရှိပါဘူး။ ဒါပေမယ့် ကလေးလေးတစ်ယောက်ကတော့ ထင်ထင်ပေါ်ပေါ် ကော်ရှုနေတာကို စိတ်မကောင်းစွာ တွေ့ခဲ့ရပါတယ်။
မြေတွင်းမြေအောက် သယံဇာတ ဘာမှမရှိ၊ စိုက်ပျိုးထုတ်လုပ်မှု ဘာဆို ဘာမှမရှိတဲ့ စင်ကာပူနိုင်ငံဟာ Human Resource ဆိုတဲ့ လူသားရင်းမြစ်နဲ့ပဲ ကမ္ဘာ့အလယ်မှာ ထိမ်တန်းနိုင်ငံတစ်ခုဖြစ်အောင် လက်ရှိ အချိန်ထိ ရပ်တည်နေနိုင်တာပါ။ လူသားရင်းမြစ်ကို အရေးမပါဘူးလို့ ထင်ရင်တော့ နောက် ၁၀ နှစ်လောက်မှာ အဲဒီသက်ရောက်မှုတွေကို မြန်မာနိုင်ငံသားတွေအားလုံး ခံစားသွားကြရမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ သက်ဆိုင်ရာ လူကြီးမင်းများအနေနဲ့ လက်ရှိရန်ကုန်မြို့ပေါ်က ကော်ရှုနေတဲ့ ကလေးငယ်တွေအပြင် စည်းကမ်းလိုက်နာမှုမရှိ၊ မြို့ကြီးသားကျင့်ဝတ်နဲ့ မညီတဲ့ပြည်သူတွေကိုလည်း ကြပ်ကြပ်မတ်မတ်နဲ့ လမ်းမှန်ပေါ်ရောက်အောင် အမြန်ဆုံး ထိန်းသိမ်းပြုပြင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
ရုပ်သံ/ဓါတ်ပုံ - kyaw kyaw soe, sint nyi