Huawei ဖုန်းတွေမှာ PlayStore အပါအဝင် ဆက်စပ် App များ Google ပိတ်မည်
20 May 2019 1,503 Views
Google (ဂူဂဲလ်) က အမေရိကန်အစိုးရရဲ့ ပေါ်လစီအရ တရုတ် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ Huawei(ဟွားဝေ)နဲ့ ပူးပေါင်းဖို့ ရပ်ဆိုင်လိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့ Android စနစ်ကို အနာဂါတ်မှာ Huawei ဖုန်းတွေအတွက် လုပ်ဆောင်ချက်အသစ်တွေ သွင်းခွင့်ပြုမှာ မဟုတ်တော့ကြောင်း ဗြိတိသျှသတင်းအေဂျင်စီတွေရဲ့ မေလ ၂၀ ရက်နေ့ထုတ် သတင်းတွေမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံပြင်ပကို တင်သွင်းတဲ့ Huawei ဖုန်းမော်ဒယ်အသစ်တွေမှာ Google PlayStore ကို သွင်းခွင့်ပြုတော့မှာ မဟုတ်ပါဘူး ဒါ့အပြင် Gmail နဲ့ အခြားသော Google နဲ့ဆက်စပ်နေတဲ့ အပလီကေးရှင်းတွေ အသုံးပြုနိုင်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။
ယခုနှစ်မှာ ထုတ်လုပ်ထားတဲ့ Huawei ရဲ့ ဖုန်းမော်ဒယ်အသစ်တွေဖြစ်တဲ့ P30 စီးရီးနဲ့ Mate 20 စီးရီးနဲ့ အခြားသော ဖုန်းမော်ဒယ်အဟောင်းတွေမှာပါ Android ရဲ့ Update အသစ်တွေ လုံခြုံရေးစနစ်တွေ ရရှိနိုင်မှာ မဟုတ်ပါဘူး။
Huawei ရဲ့ ဆက်သွယ်ရေးအထောက်အကူ ပစ္စည်းတွေဟာ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို တိတ်တဆိတ်ထောက်လှမ်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Huawei ကို အမည်ပျက်စာရင်းသွင်းရန် သမ္မတဒေါ်နယ်ထရမ့် ကပြီးခဲ့တဲ့ အပတ်မှာ တရားဝင်လက်မှတ်ရေးထိုးပြီးနောက် အခုလို ဖြစ်လာခဲ့တာပါ။
အကြောင်းအရာအသေးစိတ်ကို ဆွေးနွေးနေဆဲပဲဖြစ်ကြောင်း၊ အမေရိကန်ရဲ့ စီးပွားရေးအရ လုပ်ဆောင်ချက်ဟာ ဘယ်လောက်ထိ သက်ရောက်မှုရှိတယ်ဆိုတာကို ရှေ့နေတွေနဲ့ လေ့လာသုံးသပ်နေဆဲဖြစ်ကြောင်’ Huawei ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် က သောကြာနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Huawei အနေနဲ့ Android Open source software လိုင်စင်နဲ့ ပက်သက်ပြီး အခွင့်အရေး ရပိုင်ခွင့်ကို အသုံးချကာ အချို့သော Android ဗားရှင်းတွေမှာ ဆက်လက် သုံးခွင့်ရအောင် လုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း Google အနေနဲ့ အနာဂတ်မှာ Huawei နဲ့ ပက်သက်ပြီး Android နည်းပညာကို အထောက်အပံ့ပေးတော့မှာ မဟုတ်ဘူးလို့ အကြောင်းကြားခဲ့ပါတယ်။