မိဘတိုင်း မပြုလုပ်သင့်တဲ့ ဆယ်ကျော်သက်အရွယ် သားသမီးများအပေါ်ဆိုဆုံးမမှုအမှားများ
13 May 2019 1,540 Views
ဆယ်ကျော်သက် အရွယ်လေးတွေဆိုတာ ကလေးတစ်ပိုင်း၊ လူကြီးတစ်ပိုင်း အရွယ်လေးတွေလို့ပြောလို့ရပါတယ်။ ကလေးတစ်ယောက်အနေနဲ့ သင့်ကို လိုအပ်နေသေးသလို တစ်ဖက်ကကြည့်ရင်လဲ လူကြီးဖြစ်လာပြီဖြစ်တဲ့အတွက် သင့်ကိုမလိုအပ်တော့ပါဘူး။ ဒါကြောင့် ဒီလို အရွယ်လေးတွေဟာ အများဆုံး မိဘနဲ့ ရန်ဖြစ်စကားအများရဆုံး အရွယ်တွေဆိုလဲ မမှားပါဘူး။ ဘာမဆို တဇွတ်ထိုးအရွဲ့တိုက်တတ်တဲ့ အရွယ်ဖြစ်တဲ့အတွက် မိဘများရဲ့ ဆိုဆုံးမှု နည်းလမ်းမှန်ကန်မှသာ လမ်းမှားမရောက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်တွေကို ပြောဆိုဆုံးမတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အချက်တွေကို ပိုပိုလေးမှ ဝေမျှပေးလိုက်ပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုုနှိပ်ပါ<<
၁။ ငါမိဘပဲ ငါပြောတဲ့အတိုင်းလုပ်ရမယ် ဆိုတာမျိုးမပြောသင့်ပါဘူး။
ဆယ်ကျော်အသက် အရွယ် အထူးသဖြင့် အသက် ၁၄ နဲ့ ၁၈ နှစ်အတွင်း ကလေးတွေကို ဒီလိုစကားမျိုးလုံးဝ မပြောသင့်ပါဘူး။ ဆယ်ကျော်သက်ဆိုတာဟာ ကလေးလဲ မဟုတ်တော့သလို လူကြီးလဲမဖြစ်သေးတဲ့ ကြားကာလအပိုင်းအခြားလေးမို့ ဒီအရွယ်မှာထားရှိတဲ့ ခံယူချက်လေးတွေ မှန်ကန်စေဖို့ဟာ သိပ်အရေးကြီးလှပါတယ်။ သူတို့မှာ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အယူအဆလေးတွေ ရှိလာပြီဖြစ်တဲ့အတွက် မိဘ စကားနားမထောင်ချင်တာ၊ ပြန်ပြောတာမျိုးတွေရှိလာကြတာပါ။ သင့်ကို တမင်ဆန့်ကျင်နေတာမဟုတ်ပါဘူး။ ဒါကို သင်က ‘ငါ့သားသမီး ငါပြောတဲ့အတိုင်းလုပ်ရမယ်’ ဆိုပြိး ဆူပူကြိမ်းမောင်းလိုက်ရင် သင့်အပေါ်ထားရှိတဲ့ ယုံကြည်လေးစားမှုတွေ အလိုလိုနေရင်း ကွယ်ပျောက်သွားပါလိမ့်မယ်။
၂။ ကလေးတစ်ယောက်လို ပြောဆိုဆက်ဆံတာမျိုးတွေ လျော့သင့်ပါပြီ။
မိမိကလေး အသက်အရွယ်ကြီးလာတဲ့ အလျှောက် မိဘများကလဲ ရေလိုက်ငါးလိုက် ပြောင်းလဲနေထိုင်တတ်ရပါမယ်။ အသက် ၁၀ နှစ်အရွယ်ထိ ကလေး ဝေယျာဝစ္စတွေကို လုပ်ပေးတာကောင်းပေမယ့် ၁ဝနှစ်ကျော်သွားတာနဲ့ မလုပ်ပေးသင့်တော့ပါဘူး။ အသေးအဖွဲ ကိစ္စလေးတွေ ဥပမာ အပြင်သွားရင် ဝတ်ဖို့ အမေ မရွေးပေးတော့ပဲ ကိုယ်တိုင်ဝတ်ဖို့ ရွေးချယ်ခိုင်းတာမျိုး အစရှိတဲ့ ဆုံးဖြတ်ချက်သေးသေးလေးတွေကနေ စတင်ပြီး လေ့ကျင့်ပေးသင့်ပါတယ်။ ၁၄ ၁၅ အရွယ်ထိ လူကြီး တစ်ပိုင်းဖြစ်နေပြီဖြစ်တဲ့ သင့်ကလေးကို နေရာတကာလိုက်လုပ်ပေးပြီး ကလေးလေးတစ်ယောက်လို ဆက်ဆံနေမယ်ဆိုရင် သူ့ကိုယ်သူ ယုံကြည်ချက်ပျောက်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ မိဘများအနေနဲ့ သားသမီးအပေါ် တော်စေ၊ ထက်စေတာထက် သူ့ရဲ့ ရင်တွင်းမှာ ယုံကြည်ချက်တစ်ခုရရှိအောင် ပြုစုပျိုးထောင်ပေးရမှာပဲဖြစ်ပါတယ်။
၃။ လူကြားထဲ ကိုယ့်သားသမီးကိုအပုပ်မချပါနဲ့။
ကိုယ့်သားသမီးမကောင်းကြောင်း အပြင်လူသူစိမ်းတွေကို ပြောခြင်းဟာ သူ့ရဲ့ အကျင့်ဆိုးတွေကို ပြင်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်မလာနိုင်ပါဘူး။ သင်ဒီလို ပြောလိုက်ခြင်းက သင့်အပေါ် သူထားရှိထားတဲ့ ယုံကြည်မှုတွေ ပျောက်ကွယ်သွားစေပါတယ်။ ဆိုးကျိုးအနေနဲ့ ဘယ်အရာမျိုးကိုပဲ လုပ်လုပ် သင်မသိအောင် ခိုးလုပ်တတ်တဲ့အကျင့်ဆိုးမျိုးတွေ ရှိလာနိုင်ပါတယ်။
၄။ အပြစ်မတင်ပဲ အကြောင်းအရင်းကို ရှာဖွေပါ။
သင့် သားသမီးက သင်မကြိုက်တာ တစ်ခုခု အပြစ်လုပ်ထားမိလို့ ဆူပူကြိမ်းမောင်းလိုက်တာမျိုး ၊ သင့်ထက် အသက်၊ ရာထူးအားဖြင့် ကြီးသူတစ်ယောက်ယောက်ကို တိုင်တန်းလိုက်တာမျိုးက သူ့ကို ထိတ်လန့်သွားစေပါတယ်။ အဲ့လိုလုပ်လိုက်တဲ့ အချိန်ကစလို့ သင်ဟာ သူ့လျှို့ဝှက်ချက်တွေကို သိခွင့်မရှိတော့ပါဘူး။ ဒါကြောင့် တစ်ခုခုဆို အပြစ်တင်မစောပါနဲ့။ ‘သူဘာကြောင့် ဒီလိုလုပ်ရသလဲ’ ‘သူဘာကြောင့် ဒီလိုဖြစ်ရသလဲ’ ဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေပြီးမှ အပြစ်ပေးသင့်မပေးသင့် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီအရွယ်ဟာ ဘာမဆို လက်တွေ့မှ ယုံတဲ့ အရွယ်ဖြစ်တဲ့အတွက် အပြစ်ပေးမယ်ဆိုရင်လဲ ဘာကြောင့် အပြစ်ပေးတယ်၊ ဖြစ်သင့်တာနဲ့ မဖြစ်သင့်တာ အစရှိသည်တို့ကို အကျိုးသင့်အကြောင်းသင့် ရှင်းပြတတ်ဖို့လိုပါတယ်။
(ပိုပိုလေး)