ထမင်းများများစားခြင်းက ကိုယ်အလေးချိန်လျော့ကျစေကြောင်း လေ့လာတွေ့ရှိ
02 May 2019 2,074 Views

သုတေသီများ၏ နောက်ဆုံးလေ့လာတွေ့ရှိချက် အသစ်အရ ထမင်းများများ စားခြင်းက အဝလွန်ရောဂါကို တားဆီးနိုင်ပြီး ကိုယ်အလေးချိန်လျှော့ချရာမှာ ထိရောက်စေကြောင်း သိရှိရသည်။
စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့မှာ ပြုလုပ်တဲ့ အဝလွန်ခြင်းဆိုင်ရာ ဥရောပကွန်ဂရက်တွင် တင်ပြခဲ့တဲ့ စာတမ်းအရ ဂျပန်နိုင်ငံအပါအဝင် ဆန်စားကြတဲ့ အာရှနိုင်ငံသားတွေဟာ ဆန်စားသုံးမှုနဲပါးတဲ့ နိုင်ငံကလူတွေထက် အဝလွန်ရောဂါဖြစ်ပွားမှု နည်းပါးတာကို တွေ့ရှိခဲ့ပြီးနောက် ဆန်(ထမင်း)ပို၍ စားခြင်းက အဝလွန်ရောဂါ ကာကွယ်ရေးရဲ့ အခြေခံဖြစ်ကြောင်း သုတေသီတွေ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကာဗိုဟိုက်ဒရိတ်ကို လျှော့ချတဲ့ ကိုယ်အလေးချိန်ထိန်းနည်းအဖြစ် ဆန်(ထမင်း)စား ကို အကန့်အသတ်နဲ့ စားတာဟာ လူသိများတဲ့ နည်းလမ်းဖြစ်ပေမယ့် အဝလွန်ရောဂါအတွက် ထမင်းရဲ့ အကျိုးသက်ရောက်မှုကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သုတေသီတွေက ဆိုပါတယ်။
သုတေသီတွေဟာ နိုင်ငံပေါင်း ၁၃၆ နိုင်ငံက လူတစ်ဦးခြင်းစီရဲ့ တစ်နေ့တာ ထမင်းစားနှုန်းကို ဂရမ်နဲ့ တိုင်းတာတွက်ချက်ပြီး လေ့လာခဲ့ကြတာဖြစ်ပါတယ်။
ယူကေက လူတွေဟာ တစ်ရက်ကို ထမင်း ၁၉ ဂရမ်သာ စားသုံးကြပြီး ကနေဒါ၊ စပိန်နဲ့ အမေရိကန်အပါအဝင် အခြားနိုင်ငံအတော်များများက ဒီထက် လျှော့နည်းစွာ စားကြတာကို တွေ့ရပါတယ်။
သုတေသီတွေရဲ့ တွက်ချက်မှုအရ လူတစ်ယောက်ဟာ တစ်ရက်လျှင် ထမင်း ၅၀ ဂရမ် စာသုံးမည်ဆိုပါက ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ အဝလွန်ရောဂါကို ၁% လျှော့ချပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ သုတေသနပရော့ဂျက်ကို ဦးဆောင်သူ ဂျပန်နိုင်ငံ လစ်ဘရယ်အာ့တ်ကောလိပ်မှ ပရော်ဖက်ဆာ တိုမိုကို အီမီယာ က ”ထမင်းကို အဓိကအစားအစာအဖြစ် စားသောက်တဲ့ နိုင်ငံတွေမှာ အဝလွန်ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းတာကို တွေ့ရတယ်” လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဂျပန်စတိုင် စားသောက်ခြင်းနဲ့ ထမင်းကိုအခြေခံတဲ့ အာရှရဲ့ စားသောက်မှုပုံစံဟာ အဝလွန်ရောဂါကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
“အဝလွန်ရောဂါကို ကာကွယ် တိုက်ဖျက်ဖို့ဆိုရင် အနောက်နိုင်ငံက တိုင်းပြည်တွေလည်း ဆန်(ထမင်း)ကို ပိုပြီး စားဖို့လိုပါတယ်” “ဆန်ဟာ အဆီပါဝင်မှုနည်းသလို၊ အမျှင်ဓာတ်၊ အဟာရနဲ့ ကောက်ပဲသီးနှံတွေမှာ ပါဝင်တဲ့ ဓာတ်ပေါင်းတွေများစွာပါဝင်တာကြောင့် စားပြီးတဲ့အခါ တင်းတိမ်မှုကို ဖြစ်စေပြီး အလွန်အကျွံစားမိတာမျိုး မဖြစ်စေဘူး” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။