နိုင်ငံခြားမှာ အိမ်အကူလုပ်ရတာ လွယ်သလား ခက်သလား..? (ရုပ်သံ)
30 Apr 2019 1,642 Views
ျပည်ပအလုပ်အကိုင်တွေထဲမှာ အိမ်အကူအလုပ်ဟာ ရဖို့လွယ်ကူတယ်ဆိုပေမယ့် နေ့စဉ်ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ဘဝတွေကတော့ အခက်ခဲဆုံးဖြစ်ပါလိမ့်မယ်။ အိမ်အကူအလုပ်အကိုင်ရဖို့ ပညာရေးများများစားစားမလိုပေမယ့် သည်းခံတဲ့ နေရာမှာတော့ တရားပေါက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်နီးပါး ကြိတ်မှိတ်မျိုသိပ် သည်းခံနိုင်ဖို့ လိုပါတယ်။
ကံကိုယုံပြီး ဆူးပုံမနင်းသင့်တဲ့ အလုပ်ထဲမှာ အိမ်အကူအလုပ်လည်း ပါပါတယ်။ လူသားဆန်ပြီး ကောင်းတဲ့ အိမ်ရှင်နဲ့ တွေ့ဆုံဖို့ဆိုတာ ကိုယ်လုပ်လို့မရတဲ့ ကံကြမ္မာအပိုင်းဖြစ်ပါတယ်။ အခြားအလုပ်တွေက ၈ နာရီ၊ ၁၀ နာရီ ၁၂ နာရီ စသဖြင့် သတ်သတ်မှတ်မှတ် အလုပ်ချိန် ရှိပေမယ့် အိမ်အကူအလုပ်ဆိုတာကတော့ ၂၄ နာရီလုံးလုံး ဘယ်အချိန် ဘာခိုင်းမလဲဆိုတာ အသင့်ပြင်ထားရတဲ့ အခြေအနေပါ။ နားရက်ဆိုတာကလည်း နှစ်ပတ်တစ်ရက် (ကံအလွန်ကောင်းမှ တစ်ပတ် တစ်ရက်) ပဲရကြတာပါ။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ဒီလိုအိမ်အကူအလုပ်ကို တရားဝင်ခွင့်မပြုခင်က ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး အလုပ်ခေါ်ကြတဲ့အတွက် ဘွဲ့ရပညာတတ်တွေကိုယ်တိုင် မျက်စိလည်ပြီး အိမ်အကူဘဝ မရောက်ချင်ပဲ ရောက်ခဲ့ဖူးတာတွေအများကြီးရှိပါတယ်။ များသောအားဖြင့် သက်ကြီးရွယ်အိုတွေကို ပြုစုဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အကူသူနာပြုသဘော အလုပ်ခေါ်တတ်ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ အိမ်အကူပါပဲ။
အိမ်ကိစ္စတွေလုပ်ရ၊ သက်ကြီးရွယ်အိုတွေ ကလေးတွေရှိရင် သူတို့ကို ပြုစုရ၊ အိမ်ရှင်က စျေးဆိုင်ဖွင့်ထားရင် စျေးကူရောင်းရနဲ့ အိမ်အကူတစ်ယောက်ရဲ့ အလုပ်ဟာ ဘာရယ်လို့ တိတိကျကျပြောဖို့ခက်ပါတယ်။ တရားဝင်နည်းနဲ့ရော တရားမဝင်တဲ့ နည်းနဲ့ပါ အဆင်ပြေရင်ပြေသလို ခိုင်းတတ်ကြပါတယ်။ အားနားတတ်တဲ့ မြန်မာလူမျိုးတွေအတွက်တော့ အဆင်ပြေအောင် ခိုင်းသမျှလုပ်ပေးရင်း တဖြည်းဖြည်း တာဝန်တွေ ပိလာတတ်ပါတယ်။
ဒီအချိန်မှာ မိသားစုနဲ့ ခွဲခွာနေရတဲ့ အလွမ်းဒဏ်၊ သူစိမ်းတွေရဲ့အိမ်မှာ အောက်ခြေသိမ်းလုပ်ရတဲ့ ဝမ်းနည်းမှု စတဲ့ အခြားအခြားသော စိတ်ခံစားချက်တွေ များစွာကြောင့် ပြသနာမျိုးစုံဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြတဲ့ အိမ်အကူတွေလည်း မနည်းပါဘူး။
ဒါမှမဟုတ်ရင် အိမ်ရှင် မိသားစုဝင်တွေကို သတ်ဖြတ်မိတာ၊ လက်တုန့်ပြန်မိတာတွေနဲ့ တရားဥပဒေနဲ့ ရင်ဆိုင်ကြရပြီး နိုင်ငံခြားမှာ အလုပ်လာလုပ်တဲ့ ရည်ရွယ်ချက်တွေ အလိုလိုပျောက်ဆုံးကုန်ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာအစိုးရကိုယ်တိုင် နှစ်နိုင်ငံသဘောတူစာချုပ်တွေနဲ့ အိမ်အကူတွေကို စင်ကာပူအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို စေလွှတ်မယ်လို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌါန က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မြန်မာအိမ်အကူတွေကို လိုအပ်တဲ့ သင်တန်းတွေ စနစ်တကျပေးပြီး အစိုးရကိုယ်တိုင် ကြပ်ကြပ်မတ်မတ် လုပ်ရင်တော့ နိုင်ငံခြားမှာ အနိုင်ကျင့်ခံနေရတာတွေ အတော်လေး ပပျောက်သွားမယ်လို့ ယုံကြည်ပါတယ်။
အောက်ဖော်ပြပါ ရုပ်သံကတော့ အသက်အရွယ်ကြီးသူကို စောင့်ရှောက်ရတဲ့ အိမ်အကူတစ်ယောက်ရဲ့ ရုပ်သံဖြစ်ပါတယ် (မြန်မာ မဟုတ်ပါ) ဒီရုပ်သံကို ရိုက်ကူးရတဲ့ ရည်ရွယ်ချက်ကတော့ သူ့တာဝန်ကို သူထမ်းဆောင်ပေမယ့် အဖိုးကြီးရဲ့ လက်သရမ်းမှုကို သက်သေပြပြီး အိမ်ရှင်ကို တိုင်ကြားဖို့ ဖြစ်ပါတယ်။ ဒီလို တိုင်ကြားလို့မှ အဖိုးကြီးကို မထိန်းသိမ်းပဲ သူမကို ပြန်လည် အပြစ်ရှာမယ်ဆိုရင် သက်ဆိုင်ရာကို တိုင်ကြားဖို့ထိ ရည်ရွယ်ပြီး ရိုက်ကူးထားဟန်တူပါတယ်။
(မှတ်ချက်။ ။ ဆောင်းပါးနဲ့ သက်ဆိုင်သဖြင့် မဖြစ်မနေဖော်ပြရသည့် ရုပ်သံကို အသက်ပြည့်ပြီးသူများသာ ကြည့်ရှုသင့်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်)
များသောအားဖြင့် အိမ်ရှင်တွေက သူတို့ရဲ့ အသက်ကြီးတဲ့ လူကြီးမိဘတွေကို အိမ်အကူ နှိပ်စက်မှာစိုးရိမ်လို့ စီစီတီဗီနဲ့ ထားလေ့ရှိကြပါတယ်။ အခုအဖြစ်ပျက်ကတော့ ရေချိုးခန်းထဲမှာမို့ အိမ်အကူ အမျိုးသမီးကိုယ်တိုင် သက်သေအဖြစ် မှတ်တမ်းရယူထားတာဖြစ်ပါတယ်။
နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ အိမ်အကူတွေကို နိမ့်ပါးသူတွေအဖြစ် ရှုမြင်ကြမယ့်အစား ဘဝပေးအခြေအနေအရ တိုင်းတစ်ပါးမှာ အိမ်အကူ လုပ်ရတာဟာ လွယ်သလား..? ခက်သလား..? ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ပြီး စာနာနားလည်မှုနဲ့ အချင်းခြင်း လက်တွဲကူညီနိုင်ကြပါစေ။