ထမင်းမြိန်ပေမယ့် ကိုယ့်ကို မြန်မြန်သတ်နေတဲ့ နေ့စဉ်စားသောက်မှုပုံစံ
24 Apr 2019 1,697 Views

လူတွေသေဆုံးမှုအများဆုံး ကမ္ဘာ့ထိပ်တန်းအကြောင်းအရင်း ၅ ခုထဲမှာ အစားအသောက်တွေကို နေ့စဉ်လွဲမှားစွာ စားနေကြတဲ့ အချက်ဟာ တစ်ချက်အပါအဝင်ဖြစ်တယ်လို့ ကျွမ်းကျင်သူ သုတေသီတွေက လတ်တလောမှာ သတိပေး ပြောကြားလိုက်ပါတယ်။
သကြား၊ ဆားနဲ့ အသားတို့ကို လွန်ကဲစွာစားသုံးမှုကြောင့် နှစ်စဉ် သန်းပေါင်းများစွာသော လူတွေ အရွယ်မတိုင်မီ တဖြုတ်ဖြုတ် သေဆုံးနေရတယ်လို့ ဆိုပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
သေဆုံးသူတွေထဲက တစ်ဘီလီယံနီးပါးလောက်က အဟာရချို့တဲ့တာကြောင့်ဖြစ်ပြီး ၂ ဘီလီယံနီးပါးကတော့ “အဟာရလွန်ကဲ”(လိုတာထက်ပိုစားမိ) တာကြောင့် ဖြစ်ကြောင်း ယူနိုက်တက်နေရှင်းက ခန့်မှန်းထားပါတယ်။
အစားအစာကို အတိုင်းအတာအချင့်အချိန်နဲ့ စားသောက်ခြင်းနဲ့ပက်သက်တဲ့ စစ်တမ်းများကို ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံက ကောက်ခံထားချက်အရ လူတွေစားသောက်နေတဲ့ နေ့စဉ်စားအသောက်မှု ပုံစံတွေဟာ လွဲမှားနေပြီး ကျန်းမာရေးနဲ့ပက်သက်လို့ စိုးရိမ်ရတဲ့ အခြေနေတွေကို တွေ့ခဲ့ရပါတယ်။ ဒီလိုပုံစံမျိုးနဲ့ အစားအသောက်တွေကို နေ့စဉ်စားရင်းနဲ့ပဲ ကိုယ့်ကိုယ်ကို မြန်မြန်သေအောင် လုပ်သလိုဖြစ်နေတယ်လို့ ဆိုပါတယ်။
ဥပမာအနေနဲ့ဆိုရင် သကြားပါဝင်တဲ့ အချိုရည်တွေကို သောက်သုံးမှုဟာ ကမ္ဘာ့လူဦးရေအချိုးနဲ့ တိုင်းတာရင် သောက်သုံးသင့်တဲ့ ပျှမ်းမျှပမာဏထက် ၁၀ ဆကျော် မြင့်တက်နေပါတယ်။ အလားတူစွာပင် ‘ဆား(ဆိုဒီယမ်)’ စားသုံးမှုကလည်း လူတစ်ဦးခြင်းစီအတွက် အန္တရာယ်မဖြစ်နိုင်တဲ့ ပမာဏထက် ၈၆% ပိုပြီး စားသုံးနေကြတာကိုလည်း တွေ့ရပါတယ်။
၁၉၉၀ ကနေ ၂၀၁၇ ခုနှစ်ထိ ဆက်တိုက်လေ့လာခဲ့တဲ့ အစားအသောက်နဲ့ ရောဂါယယ ဆက်စပ်မှု သုတေသနစာတမ်းအရ လူတွေဟာ ကောက်ပဲသီးနှံ၊ သစ်သီး၊ အစေ့အဆံ စားသုံးမှု အလွန့်အလွန် နည်းပါးတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ အလှမ်းကွာနေကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲက ၁၁ သန်းလောက်ဟာ လွဲမှားတဲ့ စားသောက်နေထိုင်မှုပုံစံကြောင့်ဖြစ်ပြီး သူတို့ကို အဓိကသတ်တာကတော့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေပဲ ဖြစ်ပါတယ်။ အဝလွန်တာကနေ ဒီလိုရောဂါတွေ ဖြစ်လာတာပါ။
သုတေသနစာတမ်းရဲ့ အနှစ်ချုပ်အရကတော့ ကမ္ဘာပေါ်မှာ လူသေဆုံးမှုအများဆုံး ဖြစ်ရတာနဲ့ပက်သက်ပြီး အဟာရရှိရှိ ညီညွတ်မျှတအောင် ချင့်ချိန်စားသောက်ဖို့ ပျက်ကွက်တဲ့အကြောင်းရင်းက အဓိကတရားခံဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ဝါရှင်တန်တက္ကသိုလ် Health Metrics and Evaluation မှ ဒါရိုက်တာဖြစ်သူ သုတေသီစာရေးဆရာ Christopher Murray က ဆိုပါတယ်။
“ဆား” စားသုံးတာများပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားတာကျတော့ နည်းပါးလွန်းတာက ဒီပြဿနာတွေကို ဖြစ်စေတယ်လို့ အကြံပေးဖော်ပြထားပါတယ်။
ကမ္ဘာ့လူသားတွေအနေနဲ့ လက်ရှိနေ့စဉ် စားသောက်နေတဲ့ ပုံစံတွေထဲက အသားစားနှုန်းကို ထက်ဝက်လျှော့ချပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံစားသုံးမှုကို နှစ်ဆမြှင့်တင်ကြဖို့လည်း နှိုးဆော်ထားပါတယ်။
ကျန်းမာရေးအတွက်ဆိုရင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်ပဲသီးနှံ၊ အစေ့အဆံတို့ကို မပျက်မကွက် စားကြဖို့လိုအပ်သလို ဆား(ဆိုဒီယမ်) အငံဓါတ်စားသုံးမှုကို တတ်နိုင်သလောက် လျှော့ချဖို့ အကြံပေးထားပါတယ်။ အငံဓါတ် လွန်ကဲစွာ စားသုံးမှုဟာ လူကိုသေစေနိုင်လောက်တဲ့ထိ အန္တရာယ်မြင်းမားကြောင်း ယခုစာတမ်းက အဓိက မီးမောင်းထိုးပြခဲ့ပါတယ်။
ဒါကြောင့်မို့ မြန်မာဆန်တဲ့ ပိုပိုလေးရဲ့ ပရိသတ်တွေအနေနဲ့လည်း ရိုးရာစားစရာတွေ ဖြစ်တဲ့ ငပိ၊ ငါးခြောက်၊ ငံပြာရည် စတာတွေကို တတ်နိုင်သလောက်လျှော့ချပြီး ရာသီပေါ်သစ်သီး၊ ဟင်းသီးဟင်းရွက်တို့ကို ပိုမိုစားသုံးကာ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝပုံစံကို အမြန်ဆုံးပြောင်းလဲရင်း ချစ်ခင်ရတဲ့မိသားစုနဲ့အတူ သက်ရှည်ကျန်းမာစွာ နေထိုင်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
(ပိုပိုလေး)