BEC-TERO TV

ဖားကန့်တွင် ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်း နွံကန်ပေါက်ကျ၍ လူ ၅၄ သေဆုံး

23 Apr 2019     1,325 Views


ဧပြီလ ၂၂ ရက် ညပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ မော်ဝမ်းကလေးကျေးရွာအနီးတွင် ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်း နွံကန်ပေါက်ကျပြီး လူ ၅၄ ဦးနွံနစ်သေဆုံးခဲ့တယ်လို့သိရပါတယ်။
 
အဆိုပါ နွံကန်မှာ ဖားကန့်မြို့အနောက်ဖက်တွင်တည်ရှိပြီး ကျောက်မျက်တူးဖော်နေကြသော အခြားလုပ်ကွက်များ ဖြစ်သည့် ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ ကုမ္ပဏီဝန်ထမ်း(၂၆)ဦး၊ ဘက်ဟိုး (၅)စီး၊ မြေသယ်ယာဉ်(၉)စီး ၊မြန်မာသူရကုမ္ပဏီမှ ကုမ္ပဏီဝန်ထမ်း(၂၈)ဦး၊ ဘက်ဟိုး(၁၁)စီး၊ မြေသယ်ယာဉ် (၁၀)စီး၊ မြေတူးစက်(၅)စီးနှင့် တို့ ရွံနွံများအတွင်းနစ်မြုပ်သေဆုံးသွားကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

"ဘာကြောင့်ဖြစ်လဲဆိုတာလုပ်ငန်းခွင်လုပ်တဲ့နားလေးမှာ ခုနက အန္တရာယ်ဖြစ်စေနိုင်တဲ့ နွံကန်ကြီး ရှိနေတဲ့အခါကျတော့ နွံကန်ကြီးကနေပေါက်ကျပြီးတော့မှ အခုလိုမျိုးဖြစ်သွားတယ်လို့ပဲ ယေဘုယျသဘောပြောလို့ရတာပေါ့ဗျာ။ ကယ်ဆယ်ရေးတွေစတင်နေတယ် ဒါပေမယ့်လုပ်ရကိုင်ရတာတော်တော်လေးခက်ခက်ခဲခဲဖြစ်တယ်။

မြေဇာမဟုတ်တော့ဘူး ၊ နွံတွေဖြစ်နေပြီဆိုတဲ့အခါကျတော့ ကားတွေဘာတွေ ဆင်းလို့လည်းမရတော့ဘူး။ အဲ့ဒီမှာရှိတဲ့ယန္တရားတွေ ကားတွေ အစီး ၄၀ ။အဲဒီလူ အလောင်းတွေရော အကုန်လုံးတစ်ခါတည်းမြုပ်ထားလိုက်ပြီဗျာ။ ရွှ့ံနွံတွေနဲ့ ဖုံးထားလိုက်တယ်။အတွင်းထဲမှာ ဖုံးထားလိုက်တဲ့ ပုံစံဖြစ်သွားတာပေါ့" လို့ ရှင်းပြပါတယ်။

ဖားကန့်တွင် အဆိုပါဖြစ်စဉ်မျိုး မကြာခဏဖြစ်ပွားခဲ့သောကြောင့်ရပ်သူရွာသားများနှင့် အလုပ်သမားများ အန္တရာယ်မဖြစ်အောင် အနီးအနားရှိနွံကန်များကိုလည်းဝိုင်းဝန်းပြီးဖယ်ရှားရှင်းလင်းပေးကြရန် ဦးတင့်စိုးက ဆိုပါတယ်။
 
ကျောက်စိမ်းထွက်ရှိရာ ဖား ကန့်ဒေသတွင် လူရာချီသေဆုံးမှု များ ဖြစ်စေသည့် ဆိုးရွားသော မြေပြိုမှုများ၊ တောင်ကမ်းပါးယံ ပြိုကျမှုများ၊ နွံကန်ပွင့်ထွက်မှုများ နှစ်စဉ်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

 


23 Apr 2019     1,325 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS