အသက် (၁၂)နှစ် ပြည့်သွားပြီဖြစ်တဲ့ Westlife အဖွဲ့ဝင် Nicky Byrne ရဲ့ အမြွှာသားနှစ်ယောက်
22 Apr 2019 1,565 Views
ကမ္ဘာကျော်အိုင်းရစ်လူမျိုး ပေါ့ပ်အဆိုတော်အဖွဲ့ Westlife မှအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Nicky Byrne ဟာ ဧပြီလ (၂၂) ရက်နေ့မှာကျရောက်တဲ့ အမြွှာသားလေးတွေရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်အနေနဲ့ အင်စတာဂရမ်မှာပို့စ်တင်ခဲ့ပါတယ်။ Nicky ဟာ ၂၀၀၃ ခုနှစ်မှာ သူ့ငယ်ရည်းစား Georgina Ahern နဲ့လက်ထပ်ခဲ့ပြီး ၂၀၀၇ မှာတော့ Rocoo နဲ့ Jay လို့ခေါ်တဲ့ အမြွှာသားလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။
Nicky ရဲ့ အမြွှာသားနှစ်ယောက်ဟာ Westlife အဖွဲ့ disband မဖြစ်ခင်ကာလကတည်းက အဖေရဲ့ ရှိုးပွဲတိုင်းကို တကောက်ကောက်လိုက်လေ့ရှိတဲ့ကလေးတစ်ယောက်ပါ။ သီချင်းဆိုတာပြီးရင် နောက်ထပ် Nicky ဝါသနာပါတဲ့အလုပ်ကတော့ ဘောလုံးကန်တာပါပဲ။ Nicky ဟာ Westlife အဖွဲ့ပြန်လည်မဖွဲ့စည်းခင်ကာလတုန်းက အိုင်ယာလန်ပြန်ပြီး ဘောလုံးသမား အလုပ်ကိုဆက်လက်လုပ်ကိုင်နေခဲ့ပါတယ်။
Nicky ဘောလုံးသမားအဖြစ် ရပ်တည်နေစဉ်အတောအတွင်းတွေမှာ အမြွှာလေးတွေဟာ ဘောလုံးပွဲတိုင်း Nicky ဇနီးသည် Gina နဲ့ လာရောက်အားပေးလေ့ရှိတာကိုတွေ့ရပါတယ်။ Nicky ကိုချစ်တဲ့ ပရိတ်သတ် Westlife ကိုချစ်တဲ့ပရိတ်သတ်တွေက Nicky အမြွှာသားလေးတွေကို ချစ်မြတ်နိုးကြပါတယ်။
အဖေဖြစ်သူရဲ့ ရှိုးပွဲတိုင်း၊ ဘောလုံးပွဲတိုင်းအမြဲပါနေတဲ့ ဒီကလေးနှစ်ယောက်ကို ပရိတ်သတ်တွေကလဲမှတ်မိနေကြပါပြီ။ Nicky ရဲ့သားလေး နှစ်ယောက်ဟာ အသက် ၁၂ ပြည့်သွားပြီဖြစ်ပြီး နှစ်ယောက်လုံးက ထူးချွန်တဲ့ ကျောင်းသားများဖြစ်ကြပြီး အိုင်ယာလန်နိုင်ငံ၊ Dublin မြို့မှာတည်ရှိတဲ့ GAA အသင်းမှာ gaelic ဘောလုံးအားကစားအသင်းဝင်များ ဖြစ်ကြပါတယ်။ Rocoo နဲ့ Jay အမြွှာနှစ်ယောက်စလုံးဟာ Gaelic games ကစားတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်ထူးချွန်ပြီး တီဗွီမှာလဲ သူတို့နှစ်ယောက်ရဲ့အကြောင်းတွေပါဝင်လာပါတယ်။
Gaelic game ဆိုတာကတော့ အိုင်းရစ်လူမျိုးတွေဆော့ကစားကြတဲ့ ဘောလုံးပစ်ပြီး တစ်ဖက်က မိအောင်ဖမ်းရတဲ့ ကစားနည်းတစ်မျိုးပဲဖြစ်ပါတယ်။ ငယ်ငယ်က အဖေနောက် တကောက်ကောက်လိုက်နေတဲ့ ကလေးလေးတွေဟာ အခုဆိုအသက် ၁၂ တိတိပြည့်သွားပါပြီ။ Nicky ကသူ့ရဲ့ အမြွှာနှစ်ယောက်အတွက် “ဟက်ပီဘက်ဒ်ဒေးပါ အမြွှာတို့ ငါ့သားတွေအသက် ၁၂ ပြည့်ပြီဆိုတာ ယုံတောင်မယုံနိုင်ဘူး” ဆိုပြီးရေးသားထားပါတယ်။
Nicky နဲ့ Gina တို့မှာ အမြွှာသားနှစ်ယောက်အပြင် Gia ဆိုတဲ့သမီးလေးတစ်ယောက်လဲရှိပါသေးတယ်။ ပရိတ်သတ်ကြီးရေ Nicky နဲ့ သူ့မိသားစုလေးဟာ ချစ်ဖို့ကောင်းတယ်မထင်ဘူးလား။
(ပိုပိုလေး)