သမီးငယ်လေးကို ခွေးလှောင်အိမ်ထဲပိတ် မျက်နှာကို တက်နင်းပြီး မျိုးစုံနှိပ်စက်
22 Apr 2019 1,659 Views
ခွေးလှောင်အိမ်ထဲတွင် သနားစရာ ငိုကြွေးနေသည့် အသက် ၂၀ လ အရွယ် သမီးလေး၏ ရုပ်သံ တရုပ်လူမှုကွန်ယက် ဝီဘိုပေါ်ပျံ့နှံ့ခဲ့ပြီးနောက် အွန်လိုင်းသုံးသူများ ဒေါသထွက်ကာ ဝေဖန်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် ရဲအဖွဲ့က စုံစမ်းရှာဖွေနေကြောင်း သိရှိရသည်။
ရုပ်သံမှာတော့ ကလေးငယ်လေးကို ခွေးလှောင်အိမ်ထဲ ထည့်ပိတ်ထားတာကြောင့် ကလေးဟာ သနားစဖွယ်ငိုကြွေးနေပါတယ်။ ကလေးရဲ့ ခြေလက်တွေမှာလည်း အညိုအမဲစွဲဒဏ်ရာများ ရှိနေသလို လူတစ်ယောက်က ကလေးရဲ့ မျက်နှာပေါ်တက်နင်းတဲ့ နှိပ်စက်မှုတွေလည်း ပါရှိသဖြင့် ကြည့်ရှုရသူတွေ ဒေါသအိုးပေါက်ကွဲရသည်ထိ ဝေဖန်မှုများ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုအရ အဆိုပါရုပ်သံဟာ ဂွမ်ဒေါင်းစီရင်စုမှာရှိတဲ့ Chaozhou မြို့က နေအိမ်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ကလေးလေးရဲ့ ဖခင်ဖြစ်သူ Xu Qian ဆိုသူက အိမ်ပေါ်က ဆင်းသွားတဲ့သူ့ရဲ့ ဇနီးသည် ပြန်လာစေရန် သမီးလေးကို နှိပ်စက်နေတဲ့ ရုပ်သံကိုရိုက်ကူးပြီး ဇနီးသည်ထံ ပေးပို့ခဲ့တာဖြစ်ပါတယ်။ အဆိပါရုပ်သံဟာ ဧပြီလ ၁၈ ရက်နေ့က ဝီဘိုပေါ်မှာ စတင်ပျံ့နှံ့ခဲ့ပါတယ်။
Xu Qian က ဒီဗီဒီယိုကို သူ့ရဲ့ဇနီးဖြစ်သူ Xu Ting ကို ပေးပို့ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့်လဲဆိုတာကိုတော့ ရဲတွေကို ရှင်းမပြခဲ့ပါဘူး။ Xu Ting ရဲ့ ပြောပြချက်အရ သူ့ယောကျ်ားဟာ မကြာခဏသူမကို ကိုယ်ထိလက်ရောက် နှိပ်စက်တယ်လို့ ဆိုပါတယ်။ သူမကို နှိပ်စက်တိုင်း ရဲတိုင်ခဲ့ပေမယ့် ရဲတွေရောက်လာတဲ့အခါ ယောကျ်ားက အလုပ်တွေကြောင့် စိတ်ဖိစီးမှုများပြီး ဖြစ်တတ်တဲ့အတွက် မိန်းမအနေနဲ့ ခွင့်လွှတ်ဖို့သာ ပြောဆိုစေ့စပ်ပြီး အရေးမယူခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ သူတို့လင်မယား ခွဲနေကြပြီး တရားဝင်ကွာရှင်းဖို့အတွက်တော့ သူမရဲ့မောင်လေးနဲ့ ညီမလေးတို့ အိမ်ထောင်ရေးနဲ့ပက်သက်ပြီး တလွဲတွေးကာ အိမ်ထောင်မပြုမှာ စိုးရိမ်တဲ့အတွက် မကွာရှင်းဖြစ်သေးကြောင်း Xu Ting က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အခုသမီးလေးကိစ္စကိုတော့ ထိထိရောက်ရောက် အရေးယူဖို့ ရှေ့နေနဲ့ တရားစွဲဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။