BEC-TERO TV

အနာဂါတ်တွင် လေယာဉ်ကို မတ်တပ်ရပ်ပြီး စီးရတော့မည်လော

05 Apr 2019     1,524 Views


လေယာဉ်စီးခရီးသည်များ စျေးနှုန်းချိုသာစွာနဲ့ မတ်တပ်ရပ်စီးနိုင်သည့် လေယာဉ်ခုံတစ်မျိုးကို ဂျာမဏီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၉ လေယာဉ်အတွင်းခန်းပြပွဲ (Aircraft Interiors Expo 2019) မှာ လေယာဉ်ခုံတွေ တီထွင်ထုတ်လုပ်တဲ့ အီတလီကုမ္ပဏီတစ်ခုက မိတ်ဆက်ပြသလိုက်ပါတယ်။
 
 
Aviointeriors ကုမ္ပဏီက မတ်တပ်ရပ်စီးနိုင်တဲ့ လေယာဉ်ခုံတွေကို ‘Skyride’ လို့ အမည်ပေးထားပါတယ်။ “ဒီလိုလေယာဉ်ခုံတွေ တီထွင်ရခြင်းရည်ရွယ်ချက်က လေယာဉ်တစ်စင်းပေါ်မှာ လူတွေ ထောင်နဲ့ချီပြီးတင်ဖို့ ရည်ရွယ်တာမဟုတ်ပါဘူး၊ လေကြောင်းလိုင်းတွေအနေနဲ့ အတန်းအစားခွဲပြီး လေယာဉ်တစ်စင်းမှာ တင်ဆောင်နိုင်တဲ့ ခရီးသည်အရေအတွက် အများဆုံး အပြည့်ရရှိအောင် ရည်ရွယ်တာဖြစ်တယ်” လို့ ကုမ္ပဏီ ရဲ့ အကြံပေးအင်ဂျင်နီယာ Gaetano Perugini က ပြောကြားခဲ့ပါတယ်။
 
 
လေယာဉ်တစ်စင်းထဲမှာပဲ အထက်တန်း၊ အထူးရိုးရိုးတန်း၊ ပုံမှန်ရိုးရိုးတန်း နဲ့ အခြေခံရိုးရိုးတန်း ဆိုပြီး အတန်းအစားခွဲခြားပြီး ‘Skyride’ ထိုင်ခုံတွေကို အခြေခံရိုးရိုးတန်းမှာ တပ်ဆင်ပြီး သင့်တော်တဲ့ စျေးနှုန်းသတ်မှတ်ထားရင် စိတ်ဝင်စားသူတွေ ရှိလာမယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
 
 
Skyride ထိုင်ခုံတွေကို ၂၀၁၀ ခုနှစ်ထဲက စတင်ဖန်တီးခဲ့ပြီး ပြုပြင်ဖို့လိုအပ်ချက်တွေ ရှိနေတာကြောင့် ဒုတိယဗားရှင်းအနေနဲ့ ထပ်မံထုတ်လုပ်ပြီး ၂၀၁၈ မှာ ပြသခဲ့ပါတယ်။ အဲဒီခုံတွေမှာတော့ ငြိမ်နေအောင် ပိုက်လုံးတွေနဲ့ စွဲထားခဲ့ပါတယ်။ အခုနောက်ဆုံးဗားရှင်းမှာတော့ ပိုက်လုံးတွေ မပါတော့ပါဘူး။
 
 
ဒီခုံတွေက အရမ်းကြီး သက်တောင့်သက်သာ မဖြစ်တာမို့ ခရီးတိုပြးဆွဲတဲ့ လေယာဉ်တွေမှာပဲ သုံးဖို့လည်း အကြံပေးထားပါတယ်။ “ရိုးရိုးသားသားပြောရရင် ၉ နာရီ ၁၀ နာရီ ပျံသန်းရမယ့် ခရီးစဉ်တွေမှာ ဘယ်သူမှ ဒီလိုထိုင်ခုံနဲ့ လိုက်ချင်ကြမှာ မဟုတ်ဘူး။ 
 
ဒါပေမယ့် ခရီးတိုလေးတွေဆိုရင်တော့ ပိုက်ဆံချွေတာချင်တဲ့ သူတွေအတွက် အဆင်ပြေတာပေါ့၊ အရမ်းကြီး သက်တောင့်သက်သာ မဖြစ်ပေမယ့် နှစ်နာရီ သုံးနာရီလောက်တော့ လူအများစုကတော့ လက်ခံပြီး စီးနိုင်မှာပါ” ဟု Perugini က ဆိုပါတယ်။
 
 
ဒါပေမယ့် ဒီလို မတ်တပ်လေယာဉ်ခုံပုံတွေ အွန်လိုင်းမှာ ပျံ့သွားပြီးနောက်မှာတော့ အားလုံးက ဝိုင်းဆဲနေကြပါတယ်။ ဒီခုံတွေဟာ လုံးဝသက်တောင့်သက်သာမရှိတာမို့ ခရီးစဉ်အရှည်ရော၊ အတိုရောမှာ မသုံးသင့်ဖူးလို့ ရေးသားဝေဖန်နေကြပါတယ်။
 
 
 
 
နောက်ဆိုရင်တော့ လေယာဉ်ကို မတ်တပ်ရပ်စီးရုံမက တွယ်စီးနိုင်အောင်ပါ တီထွင်ကြတော့မလား မသိဘူးနော်..။

05 Apr 2019     1,524 Views




RELATED

Most Popular of Special or Others

Most Popular of NEWS