ပေရေစုတ်ပြတ်နေတဲ့ အိုးမဲ့အိမ်မဲ့ ပညာရှိကြီး နေ့ချင်းညချင်း နာမည်ကျော်သွား (ရုပ်သံ)
04 Apr 2019 1,679 Views
လမ်းဘေးမှာ ညစ်ပတ်စုတ်ပြတ်ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ လူတွေကို မြင်တွေ့ဖူးကြပါလိမ့်မယ်။ ဒီလိုလူတွေဟာ အလုပ်မလုပ်ချင်လို့ ပျင်းရိပြီး ဘာမှသုံးစားလို့မရတဲ့ သူတွေအဖြစ် အများက တွေးထင်တတ်ကြပါတယ်။
ဒီလိုအိုးမဲ့အိမ်မဲ့လူတန်းစားတွေထဲမှာ ဆံပင်မုတ်ဆိတ် မသပ်မရပ် ညစ်ပတ်ပေရေနေပေမယ့် အထက်တန်းစားပညာတွေ တတ်တဲ့ ပညာရှိကြီးတစ်ယောက်လည်း ပါနေမယ်ဆိုရင် ဘယ်သူကမှ ယုံနိုင်ကြမှာ မဟုတ်ပါဘူး။
ရှန်ဟိုင်းမြို့ရဲ့ လမ်းပေါ်မှာ အခုလို ညစ်ပတ်ပေရေနေတဲ့ လူကြီးတစ်ယောက်အနားမှာ တစ်နေ့တစ်နေ့ လူတွေရာနဲ့ချီပြီး သူပြောတဲ့စကားတွေ လာနားထောင်ကြတာ ဖုန်းတွေနဲ့ ရုပ်သံရိုက်ကူးနေကြတာဟာ အုံးအုံးကြွက်ကြွက်ပါပဲ။
သူ့ရဲ့ ရုပ်သံတွေကို တင်ရင်း Tik Tok မှာ ဖော်လိုဝါ သန်းနဲ့ချီပြီး ရသွားတဲ့သူတွေရှိပါတယ်။ ဒါ့အပြင် တရုပ်ဝဘ်ဆိုက်ရဲ့ ရှာဖွေရေး Search engine မှာလည်း သူ့ရဲ့ နံမည်က နံပါတ်တစ် ရှာဖွေမှုအများဆုံး စာရင်းဝင်ခဲ့ပါတယ်။
သူ့ကိုအမည်ပြောင်အဖြစ် “မာစတာရှန်” လို့ ပေးထားကြပြီး သူရှိတဲ့နေရာကို လူတွေလွယ်လွယ်ကူကူသိနိုင်ဖို့ လမ်းညွှန်ဆိုင်းဘုတ်တွေတောင် ထောင်ခဲ့ကြ၊ ရဲတွေက လမ်းရှင်းစောင့်ကြည့်ပေးရတဲ့ထိကို ရုတ်တရက် နာမည်ကြီးသွားခဲ့ပါတယ်။
တစ်ကယ်တော့ “မာစတာရှန်” ဟာ အခုလို လူတွေ တရုန်းရုန်း သူ့အနားမှာ ရှိနေတာကို မလိုလားပါဘူး။ ဒါ့အပြင် ထောက်ပံ့တဲ့ ငွေကြေးတွေကိုလည်း လက်မခံပဲ အမှိုက်ပုံတွေကနေ ကောက်ရတဲ့ စွန့်ပစ်ပစ္စည်းတွေကို ရောင်းချပြီး သူ့ဝမ်းကို သူကြောင်းပါတယ်။
သူဟာ အိန္ဒိယနိုင်ငံက ဂန္ဒီကြီး ကို အားကျသူဖြစ်ပြီး ပကာသနမပါပဲ လူ့ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူဖြစ်ပါတယ်။ “ကျုပ် နာမည်လည်းမကြီးချင်ဘူး၊ အသက်လည်းရနေပြီဖြစ်လို့ ကျုပ်ဘယ်သွားရမယ်ဆိုတာ ကျုပ်ကောင်းကောင်းသိတယ်၊ ဘဝဆိုတာ လျှပ်တပြတ်လေးပါပဲ။ နှစ်ပေါင်းအတော်ကြာ ကျုပ်စွဲကိုင်ထားတဲ့ မူကတော့ လူတွေအနေနဲ့ မရိုးမဖြောင့်တဲ့ ကိစ္စတွေလုပ်ရင်း အချိန်မဖြုန်းသင့်ဘူး” လို့ ဆိုပါတယ်။
“မာစတာရှန်” ဟာ တရုပ်ရှေးရိုးရာ စာပေနဲ့ အတွေးအခေါ်ပညာပိုင်းမှာ ကျွမ်းကျင်သူလည်းဖြစ်ပါတယ်။ သူစကားပြောတာကို လာနားထောင်နေကြတဲ့ လူအပ်စုကြီးဟာ ခရစ်တော်လက်ထက်က သခင်ယေရှုအနားမှာ လာဝိုင်းဖွဲ့ နားထောင်နေကြတာမျိုးနဲ့တောင် ဆင်တူနေပါတယ်။
သူဟာ စွန့်ပစ်ထားတဲ့ အဆောက်အအုံဟောင်းတစ်ခုမှာ နေထိုင်ပြီး မနက်တိုင်း သူ့တံခါးဝမှာ သူပြောမယ့် စကားတွေကို နားထောင်ဖို့ ရုပ်သံလွှင့်ဖို့ ရောက်နေတဲ့လူက ရာချီရှိပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး သူက “လူတွေက ကျုပ်ကို မျောက်တစ်ကောင်လာကြည့်သလို ဆက်ဆံနေကြတယ်၊ ဘယ်သူကမှ အရိုးခံဖြူစင်တဲ့ စိတ်လေးနဲ့ လာကြတာ တစ်ယောက်မှ မရှိဘူး၊ အခုလိုလာကြတာ အကျိုးမြတ်ရှိလို့ လာနေကြတာ” လို့ ဆိုပါတယ်။
“မာစတာရှန်” နဲ့ ချစ်သူဖြစ်ချင်တဲ့ မိန်းကလေးတွေ၊ သားအဖြစ် မွေးစားချင်တယ်လို့ ကမ်းလှမ်းလာတဲ့ထိ အွန်လိုင်းပေါ်မှာ ကျော်ကြားပြီး ဂယက်ရိုက်သွားခဲ့ပါတယ်။
“ကျုပ်ဒီမှာရှိနေတယ်၊ ခင်များတို့ကျုပ်ကို မျောက်တစ်ကောင်လို သဘောထားပြီး ဗီဒီယိုရိုက်နေလဲ ကျုပ်ဂရုမစိုက်ဘူး။ ရိုးရိုးသားသား ပြောရရင် ကျုပ်ဘာမှ မတတ်နိုင်ဘူးဗျာ၊ ခင်ဗျားတို့က ကျုပ်အပေါ် လေးစားမှုလေး နည်းနည်းတောင် မရှိကြဘူး” လို့ လူတွေ မနက်ဆိုရင် ဆူညံဆူညံနဲ့ သူ့အိပ်တဲ့နေရာ ရောက်လာတဲ့အပေါ် လွပ်လပ်ပိုင်ခွင့်ကို ချိုးဖောက်ခံနေရတဲ့အတွက် ပြောကြားခဲ့ပါတယ်။
သူကိုလာကြည့်တဲ့ လူတွေကို သူ့ကိုဗီဒီယိုရိုက်နေကြမယ့်အစား စာဖတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ သူကိုယ်တိုင်လည်း တရုပ်ရှေးဟောင်းစာပေတွေနဲ့ အတွေးအခေါ်စာပေတွေကို လက်ကမချတမ်း ဖတ်သူပါ။
“မာစတာရှန်” ရဲ့ အမည်ရင်းက “ရှန်ဝေ” ဖြစ်ပါတယ်။ သူဟာ အခုဆိုရင် အသက် ၅၂ နှစ်ရှိပါပြီ။ “ရှန်” ဟာ တရုပ်နိုင်ငံ ချန်ဒူပြည်နယ် အနောက်တောင်ပိုင်းက မြို့လေးမှာ မွေးဖွားခဲ့ပြီး ချမ်းသားတဲ့ မိဘအသိုင်းအဝိုင်းက လာသူဖြစ်ပါတယ်။ ရှန်ဟိုင်း မှာ ကြီးပြင်းခဲ့တဲ့ “ရှန်” ဟာ တရုပ်နိုင်ငံ ယဉ်ကျေးမှုတော်လှန်ရေးကြီး ပြီးနောက် ပထမဆုံး မျိုးဆက်ဖြစ်ပြီး ကောလိပ်ကျောင်းမှာ ဘွဲ့တဲ့ထိ ပညာသင်ကြားခဲ့ပါတယ်။
ဘွဲ့ရပြီးနောက် ရှန်ဟိုင်း အစိုးရရုံးတစ်ခုမှာ စာရင်းစစ် အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်၊ ဒါဟာမှန်ကန်ကြောင်း စာရင်းစစ်ဗျူရို က အတည်ပြုပေးထားပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ သူ့ရဲ့ ထူးဆန်းတဲ့ အမူအယာတွေကြောင့် စောစောစီးစီးပဲ အလုပ်ကနေ အငြိမ်းစားပေးလိုက်ပါတယ်။
“ရှန်” ဟာ ရုံးမှာရှိတဲ့ အမှိုက်ပုံးတွေထဲက စက္ကူစုတ်တွေ လိုက်ကောက်တာ၊ သူတောင်းစားတွေသာ လုပ်လေ့ရှိတဲ့ အမှိုက်ပုံးတွေ လိုက်မွှေတာတွေကြောင့် စောစောစီးစီး အနားပေးခံလိုက်ရတာပါ။ အဲဒီနောက်မှာ ဆေးရုံ နှစ်ကြိမ်တက်ခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ်အရောက်မှာတော့ အိုးမဲ့အိမ်မဲ့ ပုံစံမျိုးနဲ့ နေဖို့ လုံးဝ ဆုံးဖြတ်ခဲ့ပြီး ခြေသလုံးအိမ်တိုင် လမ်းပေါ်နေခဲ့တာ ယနေ့ထက်ထိဖြစ်ပါတယ်။ သူဟာများသောအားဖြင့် စာဖတ်ခြင်းနဲ့သာ အချိန်တွေကို ကုန်လွန်စေခဲ့ပါတယ်။
သူ့ရဲ့ တရုပ်ရှေးဟောင်းစာပေတွေအကြောင်းနဲ့ အတွေးအခေါ်ဒဿနတွေ ပြောကြားမှု ရုပ်သံတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး နေချင်းညချင်း ကျော်ကြားသွားခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ ၃ လ လောက် လူတွေ စုရုံးစုရုံး ဖြစ်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှာတော့ သူ့ရဲ့နေရာလေးမှာ လူတွေက သူ့ကို မတွေ့ရတော့ပဲ “မစ္စတာရှန်ဟာ လူရောစိတ်ပါ အလွန်ပင်ပန်းနွမ်းနယ်နေပါတယ်၊ ဒါကြောင့် တစ်နေရာကိုထွက်သွားပါပြီ ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စာတိုလေး ကျန်ရစ်ခဲ့ပါတယ်။
သူကိုနောက်ဆုံးမြင်လိုက်ရတာကတော့ လိမ္မော်ရောင် ဂျာကင်ဝတ်ထားတဲ့ လူလတ်ပိုင်း တစ်ယောက်က မာစီဒီးဘန့်စ်ကား အဖြူရောင်ပေါ် တွဲတင်သွားတယ်လို့ မြင်လိုက်ရသူတွေက ဆိုပါတယ်။ သူတို့က ဘယ်သွားမလို့လဲလို့ မေးတော့ မစ္စနာရှန်က “ခိုလှုံရာနေရာ ရှာဖို့ပါ” လို့ ပြောပြီး လူငယ်လေးတစ်ယောက်ကို သူ့ရဲ့ လက်မှတ်အော်တိုလေး ထိုးပေးခဲ့ပါတယ်။
အခုဆိုရင်တော့ “မစ္စတာရှန်” တစ်ယောက် ဘယ်နေရာမှာ ရှိနေလဲဆိုတာ မသိပဲ ခြေရာဖျောက်သွားခဲ့ပါပြီ။ သူကတော့ လူတွေကို ရိုးသားစွာနေထိုင်ဖို့၊ အချိန်မဖြုန်းဖို့နဲ့ စာဖတ်ကြဖို့ကို ပြောကြားခဲ့ပါတယ်။
(ပိုပိုလေး)