လူငယ်ဒါရိုက်တာထူးပိုင်ဇော်ဦးနဲ့ အလုပ်တွဲလုပ်ရတာ မတူတဲ့အတွေ့အကြုံတွေရလာတယ် ပြောလိုက်တဲ့ အိန္ဒြာကျော်ဇင်
26 Mar 2019 1,443 Views
မြန်မာနိုင်ငံရဲ့ ထိပ်သီးမင်းသမီးစာရင်းဝင်တစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်(ခေါ်) မအူဝဲဟာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက်ဆိုပေမဲ့ မာနမကြီးတတ်ဘူးဆိုတာ သိသာထင်ရှားလှပါတယ်။ မအူဝဲဟာ တက်သစ်စ မင်းသား၊ မင်းသမီး တွေကို လက်လှမ်းမီသလောက်ကူညီပေးတဲ့ စီနီယာကောင်းတစ်ယောက်ဆိုတာ သူမတက်သစ်စလေးတွေကိုပြောဆိုဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။
မအူဝဲဟာ လတ်တလောမှာ လူငယ်ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးတင်ဆက်တဲ့ “လရဲ့ အောက်ဘက် မိုင်အဝေးမှာ” ရုပ်ရှင်ဇာတ်ကားမှာ ဆယ်ကျော်သက်အရွယ်သားနှစ်ယောက်နဲ့ ဘဝကို ရုန်းကန်နေရတဲ့ Single Mother လဲဖြစ်၊ နာမည်ကြီးမဂ္ဂဇင်း အယ်ဒီတာချုပ်တစ်ယောက် ဖြစ်တဲ့ ဒေါ်ခင်သန့်စင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ငယ်ရွယ်ချောမောလှပတဲ့ Single Mother တစ်ယောက်က သူမရဲ့ ဆယ်ကျော်သက်အရွယ်သားငယ်တွေကို ကိုင်တွယ်ထိန်းချုပ်တဲ့အခါ ဖြစ်တတ်တဲ့ သဘာဝလေးတွေကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ မူရင်း စာရေးဆရာကတော့ ဆရာမဂျူး ဖြစ်ပါတယ်။
မအူဝဲလိုလူတစ်ယောက်ဟာ အောင်မြင်ပြီးသား ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့ပဲ ရိုက်ကူးလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် တကယ်တော့ သူမဟာ တက်သစ်စလူငယ်လေးတွေကို လက်တွဲခေါ်ရမှာဝန်မလေးသူ တစ်ယောက်ဆိုတာ သိသာထင်ရှားလှပါတယ်။ လရဲ့ အောက်ဘက်မိုင်အဝေးမှာ ဇာတ်ကားမှာ တက်သစ်စ လူငယ်သရုပ်ဆောင်လေးတွေ၊ အတွေ့အကြုံနည်းသေးတဲ့သူတွေအများအပြားပါဝင်နေလို့ပါ။
ဒီဇာတ်ကားကို့ ရိုက်ကူးမယ့်ဒါရိုက်တာထူးပိုင်ဇော်ဦး နဲ့ပတ်သတ်ပြီး အနုပညာဝါရင့်သမာရင့် မအူဝဲဟာ သူမရဲ့ အမြင်ကို အင်တာဗျူးတစ်ခုမှာပြောကြားလာပါတယ်။ “သူတို့အလုပ်လုပ်တဲ့ပုံက အရမ်းစနစ်ကျတယ် အိုင်ဒီယာတွေကအစဘာမှပြောစရာမလိုဘူး၊ ပြီးတော့ သူတို့ကအင်တာနေရှင်နယ်ရိုက်ကူးရေးပုံစံအတိုင်းသွားတာပါ၊ အူဝဲတို့ ရိုက်နေကျက ကိုယ့်ကာရိုက်တာ နဲ့ပတ်သတ်လို့ လိုအပ်တာအားလုံးကိုယ်တိုင်ပြင်ဆင်ရပါတယ်၊ သူတို့ကတော့ ကိုယ်က လူချည်းပဲသွားရတယ် ကျန်တဲ့ မိတ်ကပ်၊ ဆံပင်၊ အဝတ်အစား၊ accessories အကုန်လုံးကို ကုမ္ပဏီကပဲစီစဉ်ပေးတယ်၊ ဒီတော့ ကိုယ်က သရုပ်ဆောင်မှုတစ်ခုတည်းကိုပဲ အားစိုက်ရတဲ့အတွက်အဆင်ပြေပါတယ်။ သူတို့ရိုက်တဲ့ ပုံစံကတော့စနစ်ကျတယ်၊ ဒါပေမဲ့ အရမ်းပင်ပန်းတယ် ရုပ်ရှင်ထွက်လာရင်အဖြေလဲပါလာပါမယ်၊ အူဝဲတို့ ပင်ပန်းရကျိုးလဲနပ်မယ့်ရုပ်ရှင်ပါ၊ ပရိုဒတ်ရှင်းဟောက်စ်လဲရှိတော့ အားလုံးက ကိုယ့်တာဝန်ကိုယ်ယူကြရတယ်။ အူဝဲပြောဖူးပါတယ် နိုင်ငံခြားမှာကြော်ငြာသွားရိုက်ရင်အရမ်းအားကျစရာကောင်းတယ် အခုအဲ့လိုပုံစံမျိုး မြန်မာပြည်မှာဖြစ်လာပါပြီ။ အဲ့ဒီအတွက် ရလာဒ်လဲ ကွာသွားမယ်ထင်ပါတယ်။” လို့ဖြေကြားထားပါတယ်။
“လရဲ့ အောက်ဘက်မိုင်အဝေးမှာ” ဝတ္ထုစာအုပ်ဟာ ၂၀၀၀ ခုနှစ်က အကြောင်းအရာများကို ရေးသားထားတာဖြစ်တဲ့အတွက် ထိုအချိန်တုန်းက ခေတ်စားခဲ့တဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့ပုံတွေကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်မယ့် တခြားအဓိက သရုပ်ဆောင်တွေကတော့ နေရောင်ခန့်အဖြစ် ဒေါင်း၊ ဦးဥာဏ်အဖြစ်ရီဝေယံ၊ အယ်ဒီတာဒေါ်ခင်သန့်စင်ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ သိဒွီနဲ့ ဒီပါ အဖြစ် ရဲထွဋ်နဲ့ ဝင်းခန့်မိုး ၊ နေရောင်ခန့်ရဲ့ ညီမ မြတ်လေးခန့်အဖြစ် ကူးကူးဇင်အောင်တို့က အသီးသီးပါဝင်ကြမှာဖြစ်ပါတယ်။
(ပိုပိုလေး)