BEC-TERO TV

ရဟန်းခံရှင်ပြုပွဲတွင် ဆင် လန့်ပြီး လူတွေကို အန္တရာယ်ပြုသဖြင့် ၄ ဦးဒဏ်ရာရ (ရုပ်သံ)

25 Mar 2019     1,380 Views


ပေါင်မြို့နယ် ရင်းငြိမ်မြောက်ကျေးရွာတွင် ရဟန်းခံရှင်ပြုအတွက် လှည့်လည်ရန် ရောက်နေသော ဆင်ထီးတစ်ကောင်မှ လန့်ပြီး မဏ္ဍပ် အတွင်းရှိ လူများအား အန္တရာယ်ပြုသဖြင့်လေးဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
 
မတ်လ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်က ပေါင်မြို့နယ် ရင်းငြိမ် မြောက်ကျေးရွာ သဗြုချောင်ကျေးရွာ နယ်မြေ ၈ မှ အလှုရှင် ဦးဇင်ယော်အိမ် တွင် ရှင်ပြုလှည့်ရန် ရောက်နေသော ဆင်ထီးတစ်ကောင်သည် အလှုရှင်က ရွှေမိုးငွေမိုးများ ရွာကြဲနေစဉ် (ငွေစက္ကူနှင့်သကြားလုံးများဖလားထဲမှ ကိုင်၍ကြဲ) လုယူကြသော ပရိသတ်များကြောင့်လန့်ဖြန့်ကာ အနီးရှိလူများကို အစွယ်ဖြင့်ထိုးခြင်း တက်နင်းခြင်း နှာမောင်းဖြင့်ရိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
 
ဖြစ်စဉ်ကြောင့် ဆင်ပိုင်ရှင်လည်းဖြစ် ဆင်ဦးစီးလည်းဖြစ်သော ဘီးလင်းမြို့ နယ် လေးကေကျေးရွာ နေသူ ဦးမွန်းလွဲ အပါအဝင် လူ ၄ ယောက် ဒဏ်ရာရရှိပြီး သထုံနှင့် ရန်ကုန်ဆေးရုံများသို့ ပို့ဆောင်ကုသနေရကြောင်း သိရသည်။
 
"အိမ်ရှင်ကရွှေမိုးငွေမိုးရွာနေတုန်း ကလေးတွေက လုကြတာဆိုတော့ ဆင်လန့်ပြီး လူတွေကိုရန်ပြုတာပါ မဏ္ဍပ်ကိုလည်း ဖျက်ဆီးထားတယ် လောလောဆယ်တော့ သထုံဆေးရုံကို၂ ယောက် ရန်ကုန်ဆေးရုံကို၂ ယောက်ပို့ထားတယ် "ဟု ရင်းငြိမ်မြောက် ကျေးရွာအုပ်ချုပ်ရေးမှုး ဦးထွန်းမြင့် က ပြောသည်။
 
ဆင်အစွယ်ဖြင့်ထိုးခြင်းခံရသူ အသက် ၆နှစ် အရွယ် မောင်ကောင်းထက်စံ မှာ ပေါင်ပြဲ ဒဏ်ရာရရှိခဲ့သည်။ ဆင်အစွယ်ဖြင့်ထိုးမိခဲ့သူ မောင်စိုးမင်းထွန်း မှာ နံရိုးကျိုးဒဏ်ရာ ရရှိခဲ့သည်။
 
ဆင်နှာမောင်းဖြင့် ရမ်းလိုက်ခြင်းကြောင့် မယမင်းဦး ၈ နှစ်သည် မဏ္ဍပ်တိုင်နဲ့ ဆောင့်မိကာ ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး ဆင်ဦးစီး ဦးမွန်းလွဲ မှာ ဆင်ပေါ်ကကျပြီး ဆင်နင်းမိ သဖြင့် ခြေသလုံးကျိုးဒဏ်ရာများရရှိခဲ့သည်။
 
 
အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရင်းငြိမ်ရဲကင်းစခန်းမှုး ဒုရဲအုပ်အောင်ဌေး ကို မေးမြန်းခဲ့ရာ "ဆင်ကအထီးပါ တိရိစ္ဆာန်အန္တရာယ်နဲ့ပတ်သက်ပြီး ကာကွယ်ထားရန်ပျက်ကွက်ခြင်း ပေါ့ဆခြင်းကြောင့် ဆင်ဦးစီးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၉နဲ့အမှုဖွင့်သွားမှာပါ" ဟုပြန်လည်ဖြေဆိုခဲ့သည်
 
ရဲကတရားလိုပြုလုပ်အမှုဖွင့် ရန်စီစဉ်နေဆဲဖြစ်ပြီး နေ့လည်၁၂နာရီ အချိန်အထိ တော့ ပေါင်ရဲစခန်းသို့ အမှုလာရောက်တိုင်တန်းဖွင့်လှစ် ထားနိုင်ခြင်း မရှိသေးကြောင်း သွားရောက်မေးမြန်းသိရသည်။
 
သတင်း - ဝရဇိန် ပေါင်

 


25 Mar 2019     1,380 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS