ပေါကားဆိုတဲ့လှောင်ပြောင်မှုတွေကနေ ရုန်းထွက်ဖို့ အက်ရှင်ပိုင်းကိုတိုးထွက်ခဲ့တာဆိုတဲ့ ခါရာ
13 Mar 2019 2,433 Views
လွန်ခဲ့တဲ့နှစ်တွေက အနုပညာလောကထဲကို Mister တစ်ယောက်အဖြစ် စတင်ဝင်ရောက်ခဲ့တဲ့ သရုပ်ဆောင်ခါရာကိုတော့ ယောကျာ်းပီသပြီး အချိုးအစားကျတဲ့ဘော်ဒီနဲ့ ကိုရီးယားဆန်တဲ့ရုပ်ရည်တို့ကြောင့် လူချောတစ်ယောက်အဖြစ် ပရိသတ်တွေကစတင်သတိထားမိခဲ့ကာ လက်ခံအားပေးခဲ့ကြတာဖြစ်ပါတယ်။ သရုပ်ဆောင်ခါရာကတော့ အရည်အသွေးပြည့်မီတဲ့ရုပ်ရှင်ကားတွေကိုသာ ဖန်တီးချင်သူဖြစ်တာကြောင့် ပရိသတ်ရင်ထဲထင်ကျန်စေမယ့် ရုပ်ရှင်ကားကောင်းတွေကိုသာ စိစစ်ရွေးချယ်ပြီးလက်ခံရိုက်ကူးနေသူဖြစ်ပါတယ်။ သို့ကြောင့်ပင် ခါရာရဲ့ရုပ်ရှင်တွေက ပရိသတ်တွေနဲ့အနည်းငယ်အလှမ်းဝေးသော်လည်း ထွက်သမျှရုပ်ရှင်တိုင်းကတော့ ပရိသတ်ရင်ထဲထိ စွဲကျန်နေစေခဲ့ပါတယ်။
သရုပ်ဆောင်ခါရာဟာဆိုရင် မျက်နှာပြင်များ၊ တားဆီးမရနိုင်သော၊ မမြင်နိုင်သော စတဲ့ရုပ်ရှင်တွေထဲမှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားခဲ့ပြီး “မနေ့ကဖြစ်သည်” ရုပ်ရှင်ဇာတ်လမ်းတွဲထဲမှာတော့ ရဲနောင်ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်ရဲ့အားပေးမှုတွေကို တစ်ခဲနက်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ယခုလိုမျိုးပရိသတ်ရဲ့ရင်ထဲမှာ စွဲကျန်သွားစေမယ့်ရုပ်ရှင်တွေကိုသာ ဖန်တီးချင်တဲ့ ခါရာကတော့ ဖန်စီဒရာမာရုပ်ရှင်တွေထက် အက်ရှင်ပိုင်းကိုပိုအားသန်သူတစ်ယောက်လို့ဆိုရပေမည်။
အက်ရှင်မင်းသားတစ်ယောက်နဲ့ လိုက်ဖက်ညီတဲ့ အရပ်အမောင်းနဲ့တောင့်တင်းတဲ့ ဘော်ဒီအချိုးအစားကိုပိုင်ဆိုင်ထားတဲ့ ခါရာကတော့ ပေါကားဆိုတဲ့လှောင်ပြောင်ပြောဆိုသံတွေကြားကနေ ရုန်းထွက်နိုင်ဖို့အတွက် အက်ရှင်ဇတ်ကားတွေကိုပိုမိုဖန်တီးလိုကြောင်း ပြောကြားခဲ့ပါတယ်။ ယနေ့ခေတ်လိုအက်ရှင်ကားတွေရှားပါးလာချိန်မှာ အက်ရှင်မင်းသားတစ်ယောက်အဖြစ်နဲ့ ရုပ်ရှင်လောကကိုထိုးဖောက်ချင်တာကြောင့် အက်ရှင်ဒရမ်မာကားတွေကို ပိုမိုလက်ခံရိုက်ကူးဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိရုံတင်ပြသနေတဲ့ “မြို့ပြမုဆိုးများ” အက်ရှင်ရုပ်ရှင်ဇာတ်ကားထဲမှာ ခေါင်းဆောင်မင်းသားအဖြစ်နဲ့ အကောင်းဆုံးသရုပ်ဆောင်ထားတာကို ပရိသတ်ကြီးအားလုံးမြင်တွေ့ရမှာပါ။ ခါရာရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေကအက်ရှင်မင်းသားတစ်ယောက်အဖြစ်နဲ့ အသိအမှတ်ပြုအားပေးလာကြတာကိုလည်း တွေ့မြင်ရပါတယ်။
ပေါကားဆိုတဲ့ လှောင်ပြောင်မှုတွေကြားကရုန်းထွက်နိုင်ဖို့ အက်ရှင်ကားတွေကို ပိုမိုဖန်တီးခဲ့တာဖြစ်ကြောင်းကို ခါရာကယခုလိုပဲပြောကြားသွားခဲ့ပါတယ်။ “ကျွန်တော့်ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ပါဝင်ထားတဲ့ကားလေးတွေကို အချို့မကြည့်ရသေးရင် ကြည့်စေချင်တာအမှန်ပဲ။ ကျွန်တော်ကြိုးစားထားတာလေးတွေကို ပရိသတ်တွေအနေနဲ့ အသိအမှတ်ပြုစေချင်ပါတယ်၊ ကျွန်တော့်ကြိုးစားမှုကို ပရိသတတ်ကထောက်ပြဝေဖန်တာတွေကိုလည်း လိုချင်ပါတယ်၊ အက်ရှင်ကားရှားပါးနေတဲ့အချိန်မျာ ပေါကားဆိုတဲ့အများရဲ့လှောင်ပြောင်မှုတွေကြားထဲကနေ ရုန်းထွက်ပြီး ပေါကားမဟုတ်ဘူးဆိုတာကိုသက်သေပြချင်တဲ့ ဆန္ဒလေးနဲ့ဖန်းတီးထားတဲ့ “မြို့ပြမုဆိုးများ” ကိုလည်း ကြည့်ရှုအားပေးကြပါ” ဆိုပြီးပြောကြားခဲ့တာဖြစ်ပါတယ်။
ပရိသတ်ကြီးရေ “မြို့ပြမုဆိုးများ” ရုပ်ရှင်ကားကြီးကတော့ ပေါကားမဟုတ်ကြောင်း၊ ပရိသတ်တွေကြိုက်နှစ်သက်ကြမယ့် အက်ရှင်ကားဖြစ်ကြောင်းကို ခါရာကိုယ်တိုင် အခိုင်အမာပြောကြားသွားတာကြောင့် မကြည့်ရသေးတဲ့ပရိသတ်တွေရှိရင် သွားကြည့်လိုက်ကြဦးနော်။ Bonazar ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပင်တိုင်မင်သားဖြစ်သူ ခါရာပါဝင်သရုပ်ဆောင်ထားတဲ့ “မျက်နှာပြင်များ” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း ၂၀၁၈ ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွေးချယ်ခံထားရတဲ့ ဆန်ခါတင်စာရင်းဝင် အက်ရှင်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။
(ပိုပိုလေး)