အကယ်ဒမီပေးပွဲကြီးကို မတက်ရောက်နိုင်တော့လို့ စိတ်မကောင်းဖြစ်နေတဲ့ စည်သူပလပ်ကျွတ်
11 Mar 2019 1,582 Views
ထူးထူးဆန်းဆန်းတွေလုပ်ရင်း ဟောလိဝုဒ်ကနာမည်ကျော် ဟီးရိုးဇတ်ကောင်တွေရဲ့ဝတ်စုံတွေကို ၀တ်စားပြရာကနေ ဖေ့စ်ဘွတ်ဆယ်လီဖြစ်လာတဲ့ စည်သူပလပ်ကျွတ်ကိုတော့ အွန်လိုင်းပရိသတ်တော်တော်များများ သိပြီးဖြစ်မှာပါ။ နာမည်ကြီးဟီးရိုးဇတ်ကောင်တွေရဲ့ဝတ်စုံကို တစ်စုံပြီးတစ်စုံဝတ်ပြရင်း ဆဲဆိုဝေဖန်ခံရမှုတွေနဲ့အတူ ပရိသတ်တွေရဲ့ချစ်မေတ္တာတွေကိုပါ ရရှိလာတဲ့ စည်သူပလပ်ကျွတ်ကတော့ “အဆဲခံရလေ ပိုမိုအောင်မြင်လေ” ဆိုတဲ့ လက်သုံးစကားကိုကျင့်ကြံကိုင်ဆောင်ထားသူလည်း ဖြစ်ပါတယ်။
ယခုဆိုရင် အွန်လိုင်းအသုံးပြုသူတွေကြားမှာသာမက အနုပညာလောကထဲမှာပါ မြန်မာ့သူရဲကောင်းကြီးအဖြစ် လူသိများလာတဲ့ စည်သူပလပ်ကျွတ်ကတော့ တစ်စထက်တစ်စ အောင်မြင်မှုတွေတိုးလို့ရရှိကာ ရှိုးပွဲတွေမှာ သီချင်းတွေလိုက်လံသီဆိုဖျော်ဖြေနေရသလို ဖိတ်ကြားထားတဲ့ပွဲတွေကိုပါ တက်ရောက်ရင်း လူသိများကျော်ကြားလာပြီပဲဖြစ်ပါတယ်။ စည်သူပလပ်ကျွတ်ဟာဆိုရင် မကြာခင်မှာကျင်းပတော့မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကို သူ့အနေနဲ့မတက်ရောက်နိုင်တော့တဲ့အတွက် ၀မ်းနည်းစိတ်မကောင်းဖြစ်လို့နေပါတယ်။
အနုပညာရှင်တစ်ယောက်အနေနဲ့ အကယ်ဒမီပွဲတက်ရောက်ဖို့ဖိတ်ကြားခြင်းခံခဲ့ရပြီး ဖိတ်စာ (၂) စောင်ရရှိခဲ့တယ်လို့ဆိုပါတယ်။ သို့ပေမယ့် အကယ်ဒမီပေးပွဲကျင်းပမယ့်နေ့တွင် နယ်ရှိုးပွဲမှာသွားရောက်ဖျော်ဖြေရမှာဖြစ်တာကြောင့် ဒီနှစ်လည်း အကယ်ဒမီပေးပွဲကို မတက်ရောက်နိုင်တော့ဖူးလို့သိရပါတယ်။ ကိုယ်တိုင်အကယ်ဒမီပွဲကိုမတက်ရောက်နိုင်တော့လို့ ၀မ်းနည်းစိတ်မကောင်းဖြစ်နေကြောင်းကို မီဒီယာနဲ့အင်တာဗျူးကနေ ပြောကြားသွားတာဖြစ်ပါတယ်။
စည်သူကတော့ “အကယ်ဒမီပေးပွဲနေ့မှာ ဒီမှာမရှိဘူး။ ဖားကန့်မှာ သီချင်းသွားဆိုရမှာ။ သင်္ကြန်နားနီးမှပဲ ပြန်လာတော့မှာ။ အကယ်ဒမီပွဲနဲ့ပတ်သက်လို့ ခံစားမှုကအရမ်းမရှိပေမယ့် ရင်ထဲတော့မကောင်းဘူး။ စားဝတ်နေရေးကြောင့်သာ ပွဲသွားဆိုနေရတာ၊ အကယ်ဒမီပွဲဆိုတာက ကျွန်တော်တို့လို အနုပညာသမားတွေ၊ ညီအစ်ကိုမောင်နှမတွေကို ဆုချီးမြှင့်တဲ့နေရာ၊ ဒီနေရာမျိုးကို မရောက်ရတဲ့အတွက်တော့ အရမ်းဝမ်းနည်းရတယ်” ဆိုကာ သူ့အနေနဲ့ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်းကို ပြောပြသွားခဲ့ပါတယ်။
ဒါ့အပြင် “အကယ်ဒမီပေးပွဲက နှစ်တိုင်းဖိတ်ခံရတယ်။ တစ်ခါမှအဖိတ်မခံရတာမျိုးတော့ မရှိဘူး။ တစ်ခါတစ်လေ တစ်နှစ်ကို နှစ်စောင်တောင် နာမည်နှစ်မျိုးနဲ့အဖိတ်ခံရတယ်။ အကယ်ဒမီပွဲကို ကိုယ်မတက်ဖြစ်ပေမယ့် ညီအစ်ကိုမောင်နှမတွေ၊ ကိုယ်ကြိုက်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေ ဘယ်သူ့ကိုမဆိုရစေချင်ပါတယ်။ ဇတ်ပို့စစ်စစ်တွေကိုလည်း ပေးစေချင်တယ်။ ကျွန်တော့်ရုပ်ရှင်ကားက ၂၀၁၉ မှာဝင်မှာဆိုတော့ ၂၀၁၉ မှပဲ ကိုယ်တိုင်ရင်ခုန်တော့မယ်” ဆိုကာ သူ့ရဲ့ရုပ်ရှင်ကားက ၂၀၁၉ မှာရုံတင်တော့မှာဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားသွားခဲ့ပါတယ်။
Source_MC
(ပိုပိုလေး)