မိန်းမလျာတွေကိုလည်း လူသားတစ်ယောက်လို့သာ မြင်စေချင်တယ်ဆိုတဲ့ မထက်
11 Mar 2019 1,477 Views
မိတ်ကပ်ပညာရှင်လောကထဲမှာ လူသိများထင်ရှားသူတစ်ယောက်ဖြစ်တဲ့ Make-up Artist မထက်ဟာဆိုရင် သူမရဲ့ပြောင်မြောက်လှတဲ့ မိတ်ကပ်ဖန်တီးမှုလက်ရာတို့ကြောင့် နာမည်ကြီးအောင်မြင်ကျော်ကြားလာတာဖြစ်ပါတယ်။ အမျိုးသမီးလေးတွေကို လှသထက်လှအောင်ဖန်တီးပေးနိုင်စွမ်းတဲ့ သူမရဲ့မိတ်ကပ်ပြင်ဆင်ချယ်သပေးမှုတို့ကြောင့် အနုပညာရှင်တို့ရဲ့လက်စွဲတော် Make-up တစ်ယောက်ဖြစ်နေတာလည်းဖြစ်ပါတယ်။
Transgender တစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးအစစ်ထက်တောင် လှပနေတာကြောင့် သူမရဲ့အလှကိုအားကျနေရသူတွေလည်းရှိပါတယ်။ တစ်ခါတစ်ရံ သူမရဲ့အလှတို့ကိုပေါ်လွင်စေတဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့လည်း ဖမ်းစားတတ်သေးတဲ့မထက်ကိုတော့ ချစ်ခင်ကြသူတွေက ဒုနဲ့ဒေးပါ။ သို့ပေမယ့် LGBT တစ်ယောက်ဖြစ်တာကြောင့် ဝေဖန်မှုတွေနဲ့မကင်းဖြစ်နေတဲ့ မထက်ကတော့ သူမတို့လို LGBT အသိုင်းအ၀ိုင်းကိုနှိပ်ကွပ်ပြောဆိုနေကြတဲ့သူတွေကို အထူးမေတ္တာရပ်ခံလိုက်ပါတယ်။
အားလုံးသိကြတဲ့အတိုင်းပင် မိန်းမလျာတို့၊ အခြောက်တို့ဆိုတာ ဟိုးယခင်အချိန်ကတည်းက လူတွေရဲ့ပြောဆိုဝေဖန်ခြင်းကို ခံခဲ့ရသူတွေဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ဝေဖန်ပြောဆိုခြင်းကိုခံလာရတဲ့ မိန်းမလျာတို့၊ အခြောက်တို့ဆိုတာလည်း အသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့ လူသားထဲကလူတွေပဲဖြစ်တာကြောင့် စာနာနားလည်ပေးကြဖို့နဲ့ လူသားတစ်ယောက်အဖြစ်မြင်ပေးကြဖို့ကို LGBT တွေဘက်ကနေ မထက်ကမေတ္တာရပ်ခံကာ တောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။
တစ်ချို့သောသူတွေအနေနဲ့ မိန်းမလျာတွေကို လင်တရူးတွေလို့ပြောဆိုဝေဖန်ကြတဲ့အပေါ်ကို မထက်က ယခုလိုပဲတုံ့ပြန်ပြောဆိုခဲ့ပါတယ်။ “အမတို့အချိန်တိုင်း လင်တရူးမနေပါဘူး။ တွေ့သမျှယောကျာ်းလဲ လိုက်ဆွဲမနေဘူး၊ အမတို့အသိုင်းအ၀ိုင်းမှာဆို မင်းသားတွေ၊ မော်ဒယ်တွေရှိတယ်၊ မီးထိုးမှန်ထိုးတွေလည်း အများကြီးရှိတယ်၊ မီဒီယာအသိုင်းအ၀ိုင်းတွေလည်း အများကြီးရှိတယ်၊ သွားကြလာကြနဲ့။ အမတို့ ဘယ်ယောကျာ်းကိုမှ ပါးစပ်နဲ့လည်း စပ်ဆော့ပြီးစကားမပြောဘူး၊ ခင်မင်သူတွေကို စတာနောက်တာလောက်ပဲရှိတယ်။ အားနေ ဟိုလူ့ပေါင်လိုက်ကိုင် ဒီလူ့ပခုံးလိုက်ကိုင်မျိုးတော့ လုပ်မနေကြဘူး။ မိန်းမလျာဆိုတာလည်း သွေးနဲ့သားနဲ့တည်ဆောက်ထားတယ်။ ဒီကိစ္စတွေရှိတယ်ဆိုတာမှန်ပေမယ့် ဒါကြီးကိုပဲ နေ့ဓဒူဝအထူးပြုနေကြတဲ့သူတွေ မဟုတ်ဘူးဆိုတာ ပရိသတ်တွေကိုလည်းသိစေချင်တယ်၊ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေအများစုလည်း သိမှာပါ။ ဘယ်သူမှတော့ လင်တအရမ်းရူးမနေတာမို့ အဲ့တာလေးတွေကို နားလည်ပေးစေချင်ပါတယ်” ဆိုပြီး အင်တာဗျူးတစ်ခုကနေ ပြောကြားသွားတာဖြစ်ပါတယ်။
သူမတို့လို LGBT လူတန်းစားတွေကို စာနာပေးကြဖို့ကိုလည်း “မိန်းမလျာဆိုတာ ကမ္ဘာတည်သရွေ့ရှိနေဦးမှာ၊ ဟိုးတုန်းကလည်းရှိတယ်၊ အခုလည်းရှိနေတယ်၊ နောက်လည်းရှိနေဦးမှာပဲ။ အဲ့အတွက်ကြောင့် အဲ့လူတွေ အစော်ကားမခံရအောင်၊ လူကိုလူလို့ လူသားတစ်ယောက်လို့မြင်အောင်လို့ ပြောရတာပါ။ ဒါကိုစာနာမှုတွေလည်းပေးနိုင်ပါစေ၊ စာနာပေးကြပါလို့လဲ တောင်းဆိုပါတယ်” ဆိုကာ အထူးမေတ္တာရပ်ခံလိုက်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မထက်ပြောသွားသလိုပဲ ဘုရားကပေးထားတဲ့ဘ၀မှာ မပျော်မွေ့နိုင်ပဲ ပင်ကိုပါလာတဲ့ဗီဇစိတ်ဓာတ်လေးတွေကြောင့်သာ လူထူးခြားတွေဖြစ်နေရတဲ့သူတို့တွေဟာလည်း လူတွေထဲကလူသားတစ်ယောက်ပေမို့ LGBT တွေရဲ့ဘ၀ကို စာနာနားလည်ပေးနိုင်ကြပါစေနော်…
Source_MC
(ပိုပိုလေး)