တေးရေးကမ္ဘာ သေဆုံးရသည်မှာ ယာဉ်တိုက်ခံရမှုကြောင့် ဖြစ်ကြောင်း အဖြေထွက်
07 Mar 2019 1,436 Views
အဆိုတော်"ဂျီလတ်"၏ ညီဖြစ်သူ တေးရေးကမ္ဘာသည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်အနီးရှိ သီရိဏ္ဍိုင်လမ်းမကြီးပေါ်တွင် မတ် ၄ ရက် နံနက် ၆ နာရီခွဲ အချိန်ခန့်က မျက်နှာဘယ်ဘက်ခြမ်းနှင့် ဘယ်ဘက်မျက်လုံးတို့တွင် ညိုမည်းနေပြီး ဘယ်ဘက်တင် ပဆုံအထက် ဆီးအိမ်အနီးတွင် ထိုးသွင်းဒဏ်ရာတချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ရခြင်းဖြစ်ပြီး သေဆုံးမှုကို (ပ) အမှတ် ၂၅/၂ဝ၁၉ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် ကနဦးက အမှုဖွင့်ခဲ့သည်။
''ခန္ဓာကိုယ်မှာ အပေါက်လေးတပေါက်တွေ့တော့ စကေဘာနဲ့အထိုးခံ ရတယ်လို့ ယူဆတာပေါ့နော်။ ရဲကနေ ယာဉ်တိုက်မှုမဟုတ်ဘဲ လူသတ်မှုလို့ပဲ ယူဆတဲ့အတွက် ရဲကလည်း ရင်ခွဲစစ်ဆေး ချက်မရသေးတော့ ၃ဝ၂ နဲ့ ဖွင့်တယ်။ ဒါပေမဲ့ ရင်ခွဲစစ်ဆေးချက်မှာက သူက ကားတိုက်ခံရပြီး သေတဲ့ဟာ ဖြစ်နေတယ်။ အဲတော့ သူက ၃ဝ၄(က)ပေါ့။ ယာဉ်တိုက် သေတဲ့အမှု၊ လူသတ်မှုမဟုတ်ဘူး။ မိသားစုဝင်တွေရောက်လာပြီး ဆေးရုံရဲ့ ရင်ခွဲစစ်ဆေးချက်ကို ပြတယ်။ သူက ကားတိုက်တော့ နံရိုးကျိုးတယ်။ အဆုတ် ထိတယ်။ ခါးမှာဒဏ်ရာရတယ်။ ဖြစ်တဲ့ အချိန်ကလည်း ညဘက်ကြီး''ဟု နေပြည် တော်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
ယင်းကဲ့သို့ စစ်ဆေးချက်အဖြ ထွက်ခဲ့ပြီးနောက် အဆိုတော် ဂျီလတ် က မတ်လ ၅ ရက်နေ့မှာ ၎င်း၏ဖေ့စ်ဘုတ်တွင် ''ကမ္ဘာကြီးရေ မင်းဟာ ယာဉ်တိုက်မှုနဲ့ဆုံးသွားတာတဲ့ ညီလေးရေ။ ကောင်းကင်ဘုံကနေ မင်းမဲ့ပြုံးကြီးပြုံးနေမှာ ငါ မြင်နေမိပါရဲ့ကွာ''ဟု ရေးသားခဲ့ပြီး မှတ်ချက်ဝင်ရေးသူအများစုက တေးရေး ကမ္ဘာယာဉ်တိုက်မှုကြောင့် သေဆုံးသည်ဆိုခြင်းအပေါ် သံသယဖြင့် ရေးသားထားကြသည်ကို တွေ့ရသည်။
သေဆုံးသူကမ္ဘာငြိမ်းချမ်းသည် ရန် ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ပန်းချီပြပွဲတခုတွင် တွေ့ဆုံရင်းနှီးခဲ့သူ ကိုနေမျိုးစော (ခ) လဂွန်းအိမ် ၏ ပျဉ်းမနားမြို့ ပေါင်းလောင်း ၁၇ လမ်းနေအိမ်သို့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က နေထိုင်ခဲ့ပြီး တေးရေး လုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်။
၂ဝ၁၉ ခုနှစ် မတ် ၂ ရက်တွင် ဖေကမ္ဘာငြိမ်းချမ်း မှာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့တွင် အရက်သွားဖြတ်မည်ဟု ပြောခြင်းကြောင့် ကိုနေမျိုးစော မှ ဘောဂသီရိကားဝင်းသို့ လိုက်ပို့ဆောင်ခဲ့သည်။ ယင်းနောက် မတ် ၄ ရက် ၁၁ နာရီခန့်တွင် ကိုနေမျိုးစော သဗ္ဗသုခနာရေး ကူညီမှုအသင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သေဆုံးသူအား ကူညီစုံစမ်းပေးရန် တင်ထားသည့် ဓာတ်ပုံအား Facebook မှတစ်ဆင့် တေ့်ရာ ဖေကမ္ဘာငြိမ်းချမ်း ဖြစ်နေသည်ကို သိရှိရသဖြင့် နေပြည်တော်ခုတင် ၁ဝဝဝ ဆေးရုံသို့သွားရောက်ကြည့်ရာ သေဆုံးသူမှာ ဖေကမ္ဘာငြိမ်းချမ်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
''ကျွန်တော့်စိတ်ထင်ပေါ့နော်။ ခါးရိုးဆစ်တွေကျိုးတာတို့၊ ဘာတို့က ကားနဲ့ တိုက်တာထက်စာရင် ကားနဲ့ကြိတ်တာ ဖြစ်နိုင်တယ်လို့ စဉ်းစားမိတယ်။ ကားနဲ့ အကြိတ်မခံရခင်မှာ ကျွန်တော့်ညီက တခုခု ဖြစ်သေးတယ်လို့ ကျွန်တော့်စိတ်ထဲမှာ အဲလိုပဲခန့်မှန်းပြီး သဘောထားလိုက်ပါတယ်။ အဖြစ်အပျက်က နှစ်ခုများလားဆိုပြီး သက်ဆိုင်ရာက ကောက်ချက်ချတဲ့အချက်အပြင် ရှေ့မှာတချက်ရှိနိုင်သေးတယ် ထင်တယ်။ ဘယ်လိုဆုတောင်းတရားနဲ့ပဲသွားသွား အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်''ဟု သေဆုံးသူ ဖေကမ္ဘာငြိမ်းချမ်း၏ အစ်ကိုဖြစ်သူ အဆိုတော်ဂျီလတ်က ပြောသည်။
''လူသတ်မှုလား၊ လူသေမှုလားဆိုတာ ပြောလို့မရသေးဘူးလို့ စဖြစ်ကတည်းက ပြောပါတယ်။ ခွဲစိတ်ပြီးမှ သိရမှာပေါ့ ခွဲစိတ်ပြီးတဲ့အခါကျတော့ စခန်းမှူးနဲ့ မြို့နယ်မှူးရှိပါတယ်။ ကျွန်တော်က မေးတယ် ဆရာယာဉ်နဲ့ ခိုက်ရန်ဖြစ်ပွားတဲ့ အနေအထားမျိုးမဖြစ်နိုင်ဘူးလားဆိုတော့ သူတို့ကတော့ လူနဲ့ဆို အဲလောက်ပြင်းထန်တဲ့ အခြေအနေမျိုး မဖြစ်ပါဘူးတဲ့ ပြင်းထန်တဲ့ကားတိုက်မှုတို့ ဘာတို့ဖြစ်နိုင်တယ် ပြောတယ်။ ထိုးသွင်းဒဏ်ရာက ပြောပလောက်အောင်မရှိဘူးလို့ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ ထိုးသွင်းဒဏ်ရာက သွေးတွေအများကြီး ထွက်နေတာမြင်ရတယ်''ဟု သေဆုံးသူ ဖေကမ္ဘာငြိမ်းချမ်း၏ အစ်ကိုဖြစ်သူ အဆို တော်ဂျီလတ်က ပြောသည်။
အဆိုတော် ဂျီလတ်၏ညီ တေးရေး ကမ္ဘာသေဆုံးမှုကို ရင်ခွဲစစ်ဆေးချက်အရ ယာဉ်တိုက်သေဆုံးမှုအဖြစ် သတ်မှတ်ခဲ့ပြီး တရားခံဖမ်းဆီး ရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်း - ထွန်း(နေပြည်တော်)၊ ကျော်သူ
Photo - ကောင်းဆက်