နိုင်ငံတော်အတိုင်ပင်ခံအား တာဝန်ရှိသူများ ဝိုင်းလိမ်ရန် ကြံစည်နေဟု ဟုမ္မလင်းမြို့ခံများစွပ်စွဲ
06 Mar 2019 1,345 Views
မကြာမီရက်ပိုင်းအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟုမ္မလင်းမြို့သို့ လာရောက်ကာ ပြည်သူများနဲ့ တွေ့ဆုံ၍ ပြည်သူ့အသံ နားထောင်ရန် အစီစဉ်ရှိထားမှုအပေါ် လုံခြုံရေးကို အကြောင်းပြပြီး အခက်အခဲများကို တင်ပြရန်ရှိနေသည့် ပြည်သူများကို တာဝန်ရှိသူများက သတင်းအမှောင်ချ ချန်လှပ်ကာ တင်ပြမည့် သတင်းအကြောင်းရာများကို စိစစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လိမ်ညာရန် ကြိုးစားနေကြောင်း ရုပ်သံနဲ့တစ်ကွ လူမှုကွန်ယက် အွန်လိုင်းပေါ် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက ပျံ့နှံ့ခဲ့ပါတယ်။
လူမှုကွန်ယက် “Aung Myo” အကောင့်ဖြင့် ဖော်ပြထားသော သတင်းအပြည့်စုံမှာ -
"နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝိုင်းလိမ်ရန် ကြံစည်နေသည်ဟု ယူဆ.."
မကြာမီ ရက်ပိုင်းအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဟုမ္မလင်းမြို့သို့ ပြည်သူ့အသံလာရောက် နားထောင်မယ်လို့ သိရပါတယ်။ မြို့နယ်အားကစားခန်းမမှာ တွေ့ဆုံမယ်လို့ သိရပါတယ်။ ဝင်ခွင့်ကဒ်နဲ့ ဝင်ခွင့်ပြုမယ်လို့ သိရပါတယ်။
ပြည်သူ့အခက်အခဲကို တင်ပြမယ့် ပြည်သူများကလည်း စောင့်ဆိုင်းလျက်ရှိနေကြပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ
ကတော့ အားကစားခန်းမကို ပြည်သူ့အခက်အခဲအမှန်တကယ်တင်ပြချင်တဲ့သူတွေကို ချန်လှပ်ပြီး နိုင်ငံတော်အတိုင်ပင်ခံကို ဝိုင်းလိမ်ဖို့ ကြံစည်နေကြပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ကော်မတီက ထွေ/အုပ်ဥက္ကဋ္ဌဦးကျော်စိုးလင်းကို သွားရောက်မေးမြန်းခဲ့ပါတယ်။ သေချာရေရာတဲ့အဖြေ မရခဲ့ပါဘူး။ အဲ့ဒါအပြင် နောင်ပကျစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ယခုလိုသွားရောက်မေးမြန်းခဲ့ရာမှာတော့ အနှစ်ချုပ်အားဖြင့် အောက်ပါအတိုင်း သိရှိခဲ့ရပါတယ်။
၁။ စိတ်ဝင်စားသူကိုသာ မြို့နယ်ခန်းမထဲဝင်ခွင့်ပေးမယ်လို့ သိရပါတယ်။စိတ်ဝင်စားသူကို ဘယ်လိုစံနှုန်းနဲ့ ရွေးချယ်လဲဆိုတာကိုတော့ သေချာရေရာစွာ ပြောပြနိုင်ခြင်းမရှိပါ။
၂။ ခန်းမထဲဝင်ဖို့ ဖိတ်ခေါ်တဲ့အခါ ပွင့်လင်းမြင်သာမှုမရှိဘဲ၊ ပြည်သူတွေမသိဘဲ အချင်းချင်းလက်ဝါးရိုက် ကြိတ်ခေါ်နေတာကို တွေ့ရပါတယ်။ လုံခြုံရေးအရမို့ လုပ်ရတယ်လို့ အကြောင်းပြပေမယ့် မုံရွာ၊မန္တလေး၊ခန္တီးနဲ့ တခြားသောမြို့တွေမှာတော့ အခုလို တိတ်တိတ်လေး ကြိတ်လုပ်တာကို မတွေ့ရပါဘူး။
၃။ မြို့နယ်ထွေ/အုပ်ဥက္ကဋ္ဌ က လူစာရင်းကို မဖိတ်ခေါ်ရသေးဘူးလို့ ပြောကြားပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ စာရင်းပြည့်ပြီလို့ပြောနေပါတယ်။ အထက်နဲ့အောက်ရှေ့နောက်မညီတာတွေ တွေ့နေရပါတယ်။
၎။ အခြားသောမြို့တွေမှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ခရီးစဉ်ကို တစ်ပတ်အလိုကြိုသိရပေမယ့် ဟုမ္မလင်းမြို့နယ်မှာတော့ လုံခြုံရေးအကြောင်းပြပြီး သတင်းအမှောင်ချထားတာကို တွေ့ရပါတယ်။
၅။ ဝင်ခွင့်ကဒ်မှာ တာဝန်ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးခန်းကလည်း ဒီနေ့မှ ထူးခြားစွာ ပိတ်ထားတာကို ကြည့်ခြင်းအားဖြင့် တိတ်တိတ်လေး ကြိတ်ခေါ်နေတယ်ဆိုတာကို ပိုပြီးထင်ရှားစေပါတယ်။
အတိုင်ပင်ခံကို တင်ပြမယ့်အကြောင်းအရာတွေကိုပါ သေချာစိစစ်ရွေးချယ်နေတယ်လို့ သတင်းတွေ ကြားနေရပါတယ်။ မျှတမှုလုံးဝမရှိတဲ့ ပြည်သူ့တွေ့ဆုံပွဲဖြစ်နေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝိုင်းလိမ်ဖို့ကြိုးစားနေတဲ့ လုပ်ပွဲကြီးဖြစ်နေပါတယ်။
ပြည်သူများကလည်း အတိုင်ပင်ခံနဲ့တွေ့ဆုံပြီး တင်ပြခွင့်ရဖို့ ဝင်ခွင့်ကဒ်ပြားကို ငွေပေးပြီး ယူရလေမလားဆိုတဲ့ သံသယတွေနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စောင့်ကြိုလျက်ရှိနေကြပါကြောင်း ရရှိထားသောသတင်းများကို တင်ပြအပ်ပါတယ်.....။
Ph 09-897134295
09-798708750 သို့အသေးစိတ်မေးမြန်နိုင်ပါသည်..။
ဈေးသူ၊ဈေးသား၊ပြည်သူများ
ဆန္ဒဖော်ထုတ်ရေး ဦးဆောင်ကော်မတီ
ဟုမ္မလင်းမြို့
ဟု ဖော်ပြထားကြောင်း သိရှိရသည်။