BEC-TERO TV

မောင်လေးရဲ့ အသက်ကို ကာကွယ်ရင်း မီးထဲမှာ အသေခံသွားတဲ့ အစ်မ

04 Mar 2019     1,518 Views


အစ်မကြီးအမိရာဆိုတဲ့ စကားပုံက ဒီကောင်မလေးအတွက် လုံလောက်မယ်မထင်ပါဘူး။ အမိထက်ပိုတဲ့ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်ရဲ့အသက်ကို မောင်လေးအတွက် စတေးပြီး မီးထဲမှာ အလောင်ကျွမ်းခံကာ သေဆုံးသွားခဲ့တဲ့ ကောင်မလေးဟာ အသက် ၁၂ နှစ်ပဲရှိပါသေးတယ်။
 
ဖေဖော်ဝါရီ ၂၂ ရက်နေ့က တရုပ်နိုင်ငံ ဟူနန်ပြည်နယ်က အိမ်တစ်လုံး နံနက်စောစောစီးစီး အိမ်သားတွေ အိပ်မောကျနေချိန်မှာ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပါတယ်။ အခြားအိပ်ခန်းတစ်ခုမှာ အိပ်နေတဲ့ ဖခင်က မီးတွေဟုန်းဟုန်းတောက်လောင်နေတဲ့ မောင်နှမနှစ်ယောက်ရဲ့  အိပ်ခန်းကို ပြေးဝင်သွားတဲ့အခါမှာ သမီးဖြစ်သူက မောင်လေးကို မီးမလောင်အောင် စောင်တွေခြုံပေးထားပြီး စောင်တွေပေါ်ကနေ သူမရဲ့ခန္ဓာကိုယ်ကို မီးလောင်ခံပြီး ကာကွယ်ပေးနေတာ တွေ့လိုက်ရပါတယ်။
 
မီးသတ်က မီးငြိမ်းနိုင်ခဲ့ပြီးနောက် မီးလောင်ဒဏ်ရာတွေရနေတဲ့ မောင်နှမနှစ်ယောက်ကို အရေးပေါ် ဆေးရုံတင်ပို့ခဲ့ကြပါတယ်။ မိန်းကလေးဟာ ခန္ဓာကိုယ်ရဲ့ ၅၅ ရာခိုင်နှုန်း မီးလောင်ခံထားရပြီး ကောင်လေးကတော့ ၂၈ ရာခိုင်နှုန်း မီးလောင်ခံထားရပါတယ်။
 
ကောင်လေးရဲ့ အခြေအနေ ပြန်လည်ကောင်းမွန်ခဲ့ပေမယ့် အစ်မဖြစ်သူကတော့ ဆေးရုံပေါ်မှာ မီးလောင်ဒဏ်ရာတွေ လူးလိမ့်ခံစားရင်း ၅ ရက်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူမဟာ မောင်ဖြစ်သူကို အကာအကွယ်မပေးပဲ စောင်အောက်ထဲမှာပဲ သူ့ဟာသူ လုံအောင်နေမယ်ဆိုရင် မီးလောင်ဒဏ်ရာဟာ သားဖြစ်သူလောက်တောင် ပြင်းထန်မှာ မဟုတ်ဘူးလို့ ဖခင်ဖြစ်သူက ဆိုပါတယ်။
 
သမီးလေးဟာ လိမ္မာရေးခြားရှိသူဖြစ်ပြီး အသက် ၄ နှစ်အရွယ်လောက်ထဲက မိခင်ဖခင်တွေ အလုပ်များနေချိန်၊ မိခင်ဖြစ်သူကလည်း သူနာပြုဖြစ်တာကြောင့် ညဂျူတီဆင်းနေချိန်တွေဆို အိမ်မှာတစ်ယောက်ထဲ သူ့ဟာသူ အဆင်ပြေအောင်နေတတ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် မောင်လေး ရလာတဲ့အခါမှာလည်း ကလေးကို အမြဲကူထိန်းပေးတဲ့ သမီးလိမ္မာလေးဖြစ်ကြောင်း ကြေကွဲစွာနဲ့ ပြောပြခဲ့ပါတယ်။
 
 
ဒီအကြောင်း အွန်လိုင်းမှာ သတင်းပျံ့နှံ့ခဲ့ပြီး ၇ နာရီအတွင်းမှာပဲ ကလေးတွေရဲ့ ဆေးကုသစရိတ်အတွက် အလှူငွေ ယွမ် တစ်သန်း ကို ဝိုင်းဝန်းလှူဒါန်းခဲ့ကြပါတယ်။ ဖခင်ဖြစ်သူက ဒီငွေတွေထဲက အချို့ကို သားဖြစ်သူ “မိုဇီ” ရဲ့ ခွဲစိပ်မှုတွေအတွက် သုံးမှာဖြစ်ပြီး ကျန်တဲ့ ပိုက်ဆံအားလုံးကို သမီးဖြစ်သူရဲ့ နာမည် “ဇီမို” နဲ့ သူမတက်ခဲ့တဲ့ အလယ်တန်းကျောင်းကို အားလုံးလှူဒါန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

04 Mar 2019     1,518 Views




RELATED

Most Popular of Special or Others

Most Popular of NEWS