စင်ကာပူသချႋုင်းထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာအလုပ်သားများရဲ့ ဘဝဇာတ်လမ်းမှန်
04 Mar 2019 1,481 Views
စင်ကာပူနိုင်ငံ ချွဲချူကန်(ChuaChuKang) ရပ်ကွက်ထဲရှိ သချႋုင်းအတွင်းမှ မြန်မာအလုပ်သမား ၆ ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတွင်းမှာ ဖမ်းဆီခံခဲ့ရပါတယ်။ တစ်ကယ်တော့ ဒီသချႋုင်းထဲက တရားမဝင် မြန်မာအလုပ်သမားတွေရဲ့ အကြောင်းကို သိခဲ့တာကြာပါပြီ၊ ဒါပေမယ့် သူတို့အတွက် အန္တရာယ်ရှိနိုင်တာကြောင့် ဒီအကြောင်းတွေကို မရေးဖြစ်ခဲ့တာပါ။
အခုတော့ စင်ကာပူအာဏာပိုင်တွေက သိသွားပြီး ဖမ်းဆီခံလိုက်ရပြီဖြစ်တဲ့အတွက် စိတ်မကောင်းတဲ့ ကြားကပဲ သူတို့တွေ ခက်ခဲစွာဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရေးသားလိုက်ရတာပါ။
ဖမ်းဆီးခံခဲ့ရတဲ့ ၆ ယောက်ထဲက အသက် ၅၅ နှစ်အရွယ် ဦးငူကြီး ဆိုသူနှင့် စာရေးသူ လွန်ခဲ့သော ၃ နှစ်ခန့်က ဖုန်းပြောဖြစ်ခဲ့ပြီး တွေ့ဆုံဖို့ ကြိုးစားခဲ့ကြဖူးပါတယ်။ ဦးငူကြီး မှာ မွန်ပြည်နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ဖြစ်ပြီး ရေကြည်ရာ မျက်နုရာ ရှာဖွေးရင်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့တွင် နှစ်ပေါင်းများစွာ နေထိုင်အလုပ်လုပ်ကိုင်ခဲ့ဖူးသူပါ။
လွန်ခဲ့သောအနှစ် ၂၀ ခန့်ကတည်းက မလေးရှားနိုင်ငံ ဂျိုးဟိုးပြည်နယ်မှ တဆင့် စင်ကာပူသို့ ပင်လယ်ကျော်ဖြတ်၍ ရေကူးခိုးဝင်ခဲ့ခြင်းဖြစ်တယ်လို့ ပြောပြပါတယ်။
ယခုတစ်ခေါက် စင်ကာပူရောက်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး သားအဖနှစ်ဦး ပင်လယ်ကို လက်ပစ်ကူး ဝင်ရောက်လာခြင်း ဖြစ်တယ်လို့ ပြောပြပါတယ်။ ပထမတစ်ခေါက်ကလည်း ထိုနည်းတူဝင်ရောက်လာပြီး အပြီးပြန်ချင်လျှင်တော့ လမ်းကြောင်းရှိကြောင်း၊ စင်ကာပူဒေါ်လာ (၂၀၀၀) ပေးရကြောင်း၊ ပွဲစားက စီစဉ်ပေးပြီး ကားဖြင့် စင်ကာပူ woodland နယ်စပ်စစ်ဆေးရေးဂိတ်ကို ဖြတ်၍ မလေးရှားသို့ ပို့ပေးကြောင်း၊ ယနေ့ခေတ်မှာတော့ မလွယ်ကူတော့ကြောင်း အဖမ်းအဆီး အစစ်အဆေးများကြောင်း သူက ပြောပြပါတယ်။
ဒီတစ်ခေါက် စင်ကာပူကို ပြန်ဝင်လာတော့ စင်ကာပူရေကြောင်းလှည့်ကင်းကြောင့် သားအဖနှစ်ယောက် ပင်လယ်ထဲ ညလုံးပေါက်နီးပါး နေခဲ့ရကြောင်း၊ မလေးရှား အေးဂျင့်မှ သူတို့ကို ညစာကျွေးပြီး ည ၁၀ နာရီခန့်မှာ စက်လှေပေါ်တင်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။
မလေးရှား၊ စင်ကာပူ နယ်စပ် ရေလယ်ခေါင်မှာ သူတို့သားအဖကို ချပေးခဲ့ကြောင်း၊ ထိုနောက် ရေဖော့ပြီး တဖြည်းဖြည်းချင်း စင်ကာပူကမ်းဘက်ကို ရောက်အောင် ကြိုးစားခဲ့ရကြောင်း၊ လှည့်ကင်းနဲ့တွေ့၍ ပင်လယ်ထဲရှိ ငါး၊ ပုစွန်မွေးမြူရေးဖောင်များဘေးတွင် အသာကပ်နေခဲ့ရကြောင်း၊ မနက် ၄၊ ၅ နာရီခန့်တွင် စင်ကာပူကမ်းခြေကို ရောက်ရှိခဲ့ပြီး အဝတ်အစားများဝတ်ပြီးနောက် တွေ့ရာ တက္ကစီတစ်စီးဖြင့် သချႋုင်းအတွင်း လာရောက်ခဲ့ကြောင်း ပြောပြပါတယ်။
သချႋုင်းအတွင်း မှာရှိတဲ့ မြန်မာအလုပ်သမားများ အားလုံးနီးပါးဟာ တရားမဝင်နေထိုင်ကြသူများဖြစ်ပြီး စင်ကာပူနိုင်ငံသား သူဌေးဆိုသူမှ အားလုံးကို ကြိုးကိုင်ထားတာဖြစ်ပါတယ်။ ဦးငူကြီးတို့ သားအဖဟာလည်း ဒီကို မလာခင်ကတည်းက အဆိုပါသူဌေးနှင့် ဆက်သွယ်ထားနှင့်ပြီး ဖြစ်ပါတယ်။
သချႋုင်းထဲမှာ သစ်ပင်ပန်းမံစိုက်ပျိုး၊ ရေလောင်း၊ ပေါင်းသင်သန့်ရှင်းရေး လုပ်ရပါတယ်။ နေ့စားအဖြစ် တစ်ရက် စင်ကာပူ ၂၇ ဒေါ်လာ ရကြောင်း၊ ဂူဖောက် အရိုးကောက်တဲ့ အချိန် ပိုက်ဆံပိုဝင်ကြောင်း သူကပြောပြပါတယ်။
စင်ကာပူနိုင်ငံမှာ လူသေအတွက် သချႋုင်းမြေနေရာကို ငှားရမ်းရတာဖြစ်လို့ သက်တမ်းပြည့်တဲ့အခါ ကျန်ရစ်သူ ဆွေမျိုးများက ဂူထဲမှ အရိုးကို ကောက်ယူပြီး တခြားရွှေ့ကြကြောင်း၊ ဂူဖောက်၍အရိုးကောက်တဲ့ အလုပ်ကို ညအချိန် မီးအိမ်များဖြင့် လုပ်ကြရကြောင်း၊ တစ်ဂူဖောက်ရလျှင် စင်ကာပူဒေါ်လာ ၆၀၀ ခန့်ရကြောင်း၊ ၂ ယောက်လုပ်ရလျှင် တစ်ဝက်စီ ခွဲယူကြောင်း၊ ဝင်ငွေကောင်းကြောင်းနှင့် အလုပ်ဖြစ်ကြောင်း ပြောပြပါတယ်။
သချႋုင်းထဲမှာ အလုပ်သမား ၃၀ ခန့်ရှိပြီး အပြင် သိပ်မထွက်ဖြစ်ကြကြောင်း၊ သချႋုင်းအတွင်းနေလျှင် လုံခြုံကြောင်း၊ စင်ကာပူအစိုးရမှ သိနိုင်သော်လည်း ဘယ်သူမှ မလုပ်ချင်သည့် သချႋုင်းသန့်ရှင်းရေး အလုပ်ကို လုပ်ပေးနေ၍ မသိသလိုနေပေးချင်း ဖြစ်ကြောင်း သူကပြောပြပါတယ်။ အပြင်လူများနှင့် ဆက်ဆံရေးလုပ်လျှင်လည်း သူ၏သူဌေးက မကြိုက်ကြောင်း၊ မြန်မာဆိုင်များ တည်ရှိရာ ပင်နဆူလာပလာဇာကို ၆ လမှ တစ်ခါလောက်သာရောက်ကြောင်း ပြောပြပါတယ်။
သချႋုင်းထဲမှာနေပေမယ့် မိတ်ဆွေများစွာရှိကြောင်း၊ နာရေးကိစ္စ၊ အရိုးဖော်ခြင်းကိစ္စများ လာလုပ်ရင်း စင်ကာပူနိုင်ငံသားများနှင့် ခင်မင်မှုရနေပြီး အသိများထဲတွင် စင်ကာပူ ရဲမေများပင်ပါဝင်နေကြောင်း၊ ရဲမေများမှာ သဘောကောင်းပြီး အဘပြန်ချင်ရင် ဥပဒေဘောင်အတွင်းက ကူညီမယ်ဟု ကမ်းလှမ်းကြောင်း သူက ပြောပြပါတယ်။
ဦးငူကြီးတွင် သားသမီး ၆ ယောက်ရှိပြီး သားတစ်ဦးမှာ ဆေးကျောင်းတက်နေကြောင်းနှင့် နောက်သားတစ်ဦးမှာ မော်ဒယ်လောကတွင် ဝင်ရောက်လှုပ်ရှားနေကြောင်း၊ သူတို့ကို ထောက်ပံ့ပေးရဦးမှာ ဖြစ်သည့်အတွက် မပြန်ချင်သေးကြောင်း စာရေးသူကို ဂုဏ်ယူစွာပြောပြခဲ့ဖူးပါတယ်။ ဦးငူကြီးရဲ့ ရည်မှန်းချက်တွေ အမြန်ဆုံးပြည့်ဝပါစေလို့ ဆုတောင်းပေးယုံမှ တစ်ပါး.. ဟု စင်ကာပူနိုင်ငံ မြန်မာအသိုင်းအဝိုင်းမှ စာရေးသူတစ်ဦး ရေးသားမျှဝေထားတာကို သိရှိရပါတယ်။
ဓာတ်ပုံ - Straits Times