အာဖရိကတိုက်မှာ ချန်ပီယံဆုတွေရယူပြီး နိုင်ငံဂုဏ်ဆောင်ခဲ့တဲ့ သက်ထားသူဇာ
04 Mar 2019 1,503 Views
မြန်မာ့ ဂုဏ်ဆောင် ကြက်တောင်ချန်ပီယံ သက်ထားသူဇာဟာ အာဖရိကတိုက်မှာ ကျင်းပခဲ့တဲ့ ကြက်တောင်ရိုက် ပြိုင်ပွဲ ၂ခုမှာ ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပါတယ်။ သက်ထားသူဇာဟာ ဖေဖော်ဝါရီနဲ့ မတ်လ အတွင်း ကျင်းပခဲ့တဲ့ Uganda International Series 2019 အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲနဲ့ Kenya International Series 2019 အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့တာပါ။
သက်ထားသူဇာ ဟာ အသက် ၁၉ နှစ်သာရှိသေးပြီး ကြက်တောင်အားကစားမှာ ဆုတံဆိပ်တွေ အသီးသီး ဆွပ်ခူးပြထားနိုင်ခဲ့တာဖြစ်ပါတယ်။ သက်ထားသူဇာဟာ ဖေဖော်ဝါရီ ၂၁ရက်ကနေ ၂၃ ရက်နေ့ အတွင်း ကျင်းပခဲ့တဲ့ Uganda International Series 2019 ပြိုင်ပွဲမှာ ဂျော်ဒန်သူ ဒိုမိုအမ်ရိုကို ၂ ပွဲပြတ် ရိုက်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဖိုင်နယ်မှာ သက်ထားသူဇာက ၂၁-၁၄၊ ၂၁-၁၂မှတ်နဲ့ အကောင်းဆုံး လက်စွမ်းပြပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒီတစ်ခါ အာဖရိကတိုက် ကပဲ ကင်ညာ နိုင်ငံမှာ ကျင်းပခဲ့တဲ့ Kenya International Series 2019 ပြိုင်ပွဲမှာ ထပ်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ ၃၂သင်းအဆင့်ကနေ စတင် ယှဉ်ပြိုင်ခဲ့ရပြီး ပွဲတိုင်းကို ၂ပွဲပြတ် အနိုင်ယူပြီး ဆီမီးတက် လာခဲ့တာ ဖြစ်ပါတယ်။ ဖိုင်နယ်မှာလည်း ယူဂန်ဒါ ပွဲတုန်းက အနိုင်ရခဲ့တဲ့ ဂျော်ဒန်သူကိုပဲ နောက်ထပ်၂ပွဲပြတ် ၂၁-၁၀၊ ၂၁-၁ဝမှတ်နဲ့ နိုင်လို့ ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါ တယ်။