ကိုယ်ဝန်ဆောင်လူနာတင်လာသော ဆေးရုံကား ယာဉ်တိုက်မှုဖြစ်ကာတိမ်းမှောက် (ရုပ်သံ)
27 Feb 2019 1,447 Views
ဖေဖော်ဝါရီ ၂၆ ရက် အင်္ဂါနေ့က အရေးပေါ် ကိုယ်ဝန်ဆောင်လူနာ အမျိုးသမီးတင်ဆောင်လာသော လူနာတင်ကား မီးပွိုင့်လမ်းဆုံတွင် အခြားယာဉ်တစ်စီးနဲ့ မတော်တဆမှုဖြစ်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
မလေးရှားနိုင်ငံ ဆာရာဝပ် ပြည်နယ်မှာ နံနက် ၉ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူနာတင်ကားဟာ ဆာရာဝပ်အထွေထွေဆေးရုံကြီးသို့ ကိုယ်ဝန်ဆောင် လူနာကို ခေါ်ဆောင်သွားစဉ် မီးပွိုင့်လမ်းဆုံ၌ အခြားတစ်ဖက်မှ မီးပွိုင့်စိမ်းပြီး မောင်းထွက်လာသော 4WD အမျိုးအစား ယာဉ်ကို အရှိန်နဲ့တိုက်မိခဲ့ပြီး လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ဆာရာဝပ် ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ အကြီးအကဲဖြစ်သူ Supt Alexson Naga Chabu က ပြောကြားခဲ့သည်။
အသက် ၄၀ အရွယ် လူနာမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆာရာဝပ်အထွေထွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည်။ သူနာပြုဆရာမ တစ်ဦးအနည်းငယ် ဒဏ်ရာရခဲ့ပြီး လူနာတင်ယာဉ်မောင်းနဲ့ အခြားသူနာပြုဆရာမ တစ်ဦးတို့ဒဏ်ရာမရရှိသလို အသက် ၄၅ နှစ်အရွယ် 4WD ယာဉ်မောင်းလည်း ဒဏ်ရာမရခဲ့ကြောင်း သိရှိရသည်။
ယာဉ်တိုက်မှုဖြစ်ချိန်တွင် ရာသီဥတုအခြေအနေ၊ လမ်းအခြေအနေအားလုံး ကောင်းမွန်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ အကြီးအကဲဖြစ်သူက ပြောကြားခဲ့ပြီး လမ်းစည်းကမ်းဥပဒေနဲ့အညီ စုံစမ်းအရေးယူသွားမည်ဖြစ်သည်။