Blind Audition မှာ မိုးပျံသွားတဲ့ နိုဗန်ထူး နောက်တစ်ဆင့်မှာ ဘာတွေထပ်လုပ်ပြဦးမလဲ..?
26 Feb 2019 1,735 Views
The Voice Myanmar Season 2 ရဲ့ ပထမဦးဆုံး Blind Audition ညမှာပဲ နည်းပြတွေကို ရူးသွပ်စေခဲ့သလို နေ့စဉ်နားထောင်နေရတဲ့ ပျော့နွဲ့နွဲ့သံစဉ်တွေကြား ပျင်းရိငိုက်မြည်းနေတဲ့ ပရိသတ်ကို လန့်နိုးသွားအောင် လှုပ်နှိုးနိုင်ခဲ့သူက ပြိုင်ပွဲဝင် “နိုဗန်ထူး” ဖြစ်ပါတယ်။
The Voice Myanmar Page ရဲ့ ကွန်မန့်တွေအောက် ဒီလိုသံစဉ်တွေကို ဆာလောင်နေတဲ့ ပရိသတ်တွေနဲ့ ဘာတွေဆိုသွားမှန်း မသိဘူးဆိုတဲ့ ပရိသတ်အချို့ရဲ့ တိုက်ပွဲတွေက ပြင်းထန်နေဆဲပါ။
သေချာတာကတော့ သူ့ရဲ့ ပြိုင်ပွဲဝင်သီချင်းဟာ ပရိသတ်တွေအတွက် အထူးအဆန်းဖြစ်နေပြီး အားပေးမှုအပြည့်ရနေပါပြီ။
နောက်တစ်ဆင့် ပြိုင်ရမယ့် “Battle Round” မှာ သူဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်သွားဦးမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
ဒီနေရာမှာ “နိုဗန်ထူး” ဟာ မြန်မာ underground Metal လောကမှာ ကိုယ်ပိုင်အဖွဲ့နဲ့ ရပ်တည်နေခဲ့သူ ပီပီ Metal ဆို.. တစ်ကယ့်အပြင်းစား Metal ဂီတကို ခုံမင်သူမို့ Battle Round အတွက် သူနဲ့ ဘက်တူတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ကို “ကျားပေါက်” အနေနဲ့ သတိထားရှာဖွေရဦးမှာဖြစ်ပါတယ်။
လက်ရှိ မြန်မာလူငယ်တွေ နားထောင်နေရတဲ့ ဂီတလမ်းဟာ ခဏလေးနဲ့ အရည်ပျော် အငွေပျံသွားတဲ့ “ချိုအေးမွှေး” သီချင်းတွေသာ များနေတာမို့ အကယ်၍ “နိုဗန်ထူး” ဟာ Metal သီချင်းမဟုတ်တဲ့ အခြားသီချင်းအမျိုးအစား တစ်ပုဒ်ကို ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ဘယ်လို ဖြစ်လာမလဲဆိုတာက အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။
“နိုဗန်ထူး” တစ်ယောက် Metal အပြင် အခြားပုံစံတွေကိုပါ သီဆိုနိုင်ပါ့မလားဆိုတာ မသိသေးခင်
“နိုဗန်ထူး” ရဲ့ သီဆိုမှုကို နားထောင်ရတာ မဝသေးတဲ့ ပရိသတ်တွေအတွက် သူကာဗာပြန်လည်သီဆိုထားတဲ့ Slipknot ရဲ့ “Spit it out” ကို ခံစားကြည့်ပေးပါဦး။
လာမယ့် တနင်္ဂနွေနေ့ည ၉ နာရီ The Voice Myanmar Season 2 Blind Audition ဒုတိယနေ့မှာ “ကျားပေါက်” ဘယ်သူတွေကို ရွေးချယ်သွားမလဲ ဘယ်သူက “နိုဗန်ထူး” ရဲ့ ပြိုင်ဘက်ဖြစ်လာဦးမလဲဆိုတာ ဆက်ဆက် စောင့်ကြည့်ကြပါဦး။
(ပိုပိုလေး)