အရေပြားကင်ဆာကြောင့် နှာခေါင်းဖြတ်ခဲ့ရသူကို နှာခေါင်းအသစ် ပြန်မွေးပေး
25 Feb 2019 1,748 Views
အရေပြားကင်ဆာ ဝေဒနာကြောင့် နှာသီးထိပ်ဖျား ဖြတ်တောက်ခဲ့ရသူအမျိုးသမီးတစ်ဦးကို ဆရာဝန်တွေက ဆေးပညာနဲ့ နဖူးပြင်အသားကနေ သဘာဝအတိုင်း နှာသီးဖျားပြန်ဖြစ်အောင် ကုသပေးနိုင်ခဲ့ပါတယ်။
အသက် ၄၂ နှစ်အရွယ် “စင်ဒီဘစ်ဒဲလ်” အမည်ရတဲ့ ကျောင်းဆရာမတစ်ဦးဟာ သူမရဲ့ နှာခေါင်းထဲမှာ အရေပြားကင်ဆာ အဖုအကျိတ်တွေ့ခဲ့တာကြောင့် အကြီးစားခွဲစိတ်မှု ပြုလုပ်ပြီး ဖယ်ရှားခဲ့ရပါတယ်။ ဆရာဝန်တွေက သူမကို အရေပြားကင်ဆာ ပျံ့ပွားမှုအန္တရာယ်ကနေ အချိန်မီ ကယ်တင်လိုက်နိုင်ပေမယ့် သူမရဲ့ နှာသီးထိပ်ဖျားပိုင်း တစ်ခြမ်းလုံး ဖြတ်တောက်ပစ်ခဲ့ရပါတယ်။
အဲဒီနောက်မှာ ခေတ်မီဆေးပညာနဲ့ သူမရဲ့ နဖူးပြင်အသားကနေ နှာခေါင်းကို ချိပ်ဆက်ပေးထားပြီး သဘာဝအတိုင်း နှာသီးဖျားပြန်ဖြစ်အောင် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ သူမဟာ နှာသီးဖျား အကောင်းအတိုင်းဖြစ်အောင် စောင့်နေရတဲ့အချိန်တွေမှာ သူမရဲ့မျက်နှာအသွင်ပြင်ကြောင့် ရှက်လွန်းလို့လူတွေကို စေ့စေ့မကြည့်ရဲခဲ့ဖူးလို့ ဆိုပါတယ်။
အချို့လူတွေက သူမရဲ့မျက်နှာကို ရုတ်တရက်တွေ့လိုက်ချိန်မှာ ကြောက်လန့်တကြား ထခုန်တဲ့အဖြစ်ပျက်တောင်ရှိခဲ့တယ်လို့ဆိုပါတယ်။ တစ်ခါမြင်ဖူးထားတဲ့သူတွေကလည်း သူမကိုနောက်တစ်ခါမြင်ရင် ရယ်ပွဲဖွဲ့တဲ့ အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရလို့ မျက်ရည်ကျခဲ့ရတဲ့ အချိန်တွေရှိခဲ့ပါတယ်။
သူမဟာ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာခံစားရတာကြောင့် နီးစပ်ရာ ဆေးခန်းတစ်ခုကို ဝင်ပြလိုက်ရာကနေ ဆရာဝန်က အကျိတ်လုံးကို စမ်းသပ်တွေ့ရှိခဲ့ပြီး အထူးကုဆရာဝန်နဲ့ပြဖို့ ညွှန်ကြားခဲ့ရာမှ အရေပြားကင်ဆာ အကျိတ်ဖြစ်နေတာကို သိခဲ့ရတာဖြစ်ပါတယ်။ အခုချိန်မှာတော့ ခွဲစိပ်ခံထားရတဲ့ သူမရဲ့မျက်နှာဟာ အရင်အတိုင်းနီးပါး တစ်ဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။