BEC-TERO TV

အဆိုးမြင်စိတ်နဲ့ အနာဂတ်ကိုရှေးရှုသိမြင်နိုင်စိတ်တူညီသလား?

25 Feb 2019     1,465 Views


ကျွန်တော်တို့ တစ်ခုခုကို ဆုံးဖြတ်ချက်ချတော့မယ်(သို့) လုပ်ငန်းတစ်ခုလုပ်တော့မယ်လို့ စတင်စဉ်းစားမိပြီဆိုရင် စိုးရိမ်စိတ်ဆိုတာမျိုးက ရှိလာတတ်ကြပါတယ်။ ငါဒါကိုလုပ်ရင် ဘယ်လိုဖြစ်သွားမလဲ၊ ငါကြီးပွားမလား? အစရှိသဖြင့်မစခင်ကတည်းက တွေးတောပူပန်တတ်တာမျိုးတွေရှိပါတယ်။ အဓိက ကတော့ လူတွေကကျရှုံးမှာကိုစိုးရိမ်ကြတာပါပဲ။ 
 
ငါရှုံးသွားခဲ့ရင်ဆိုတဲ့ အတွေးမျိုးနဲ့မလုပ် ဖြစ်လိုက်တာတွေရှိကြတယ်မဟုတ်လား။ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုကို လုပ်ပြီးမှနောင်တာရတာရော၊ မလုပ်ခင် တွေးပူပြီး မလုပ်လိုက်ရလေခြင်းဆိုပြီး နောင်တရတာရော ဘယ်ဟာမှမကောင်းပါဘူး။ နောင်တဆိုတာမျိုးက နောင်မှတတာပါ။ ဒီမှာနောင်တတွေ မပွားများရအောင် အဆိုးမြင်စိတ်နဲ့ ရှေးရှုမြင်နိုင်စိတ် ဘယ်လိုကွာခြားသလဲဆိုတာ ပိုပိုလေးမှတင်ဆက်ပေးလိုက်ပါတယ်။

အဆိုးမြင်စိတ်ဆိုတာဘယ်လိုမျိုးလဲ?

ပြောရမယ်ဆိုရင် အဆိုးမြင်စိတ်ဆိုတာ အကြောက်တရားနဲ့ ဆက်စပ်နေတယ်လို့ပြောရမယ်။ နောင်တဆိုတာမျိုးက အကြောက်တရားကနေ စတင်ပြီး ဖြစ်ပေါ်လာတာဗျ။ ဥပမာ လူတစ်ယောက်အဆိုတော်ဖြစ်ချင်တယ်၊ ဒါပေမဲ့ သူ့မှာမိသားစုအရေး၊ ဝမ်းရေးဆိုတာရှိသေးတယ်၊ သူသာအဆိုတော်လုပ်လိုက်ရင် အောင်မြင်သွားရင်တော့တစ်မျိုး၊ မအောင်မြင်ရင်မိသားစုထမင်းငတ်မယ်။ 
 
ဒီလို အကြောက်တရားတွေရှိလာတယ်။ ဒါကြောင့်သူ အဆိုတော်လုပ်ဖို့ မစတင်ခဲ့ဘူး။ သူနဲ့ အတူ အဆိုတော်ဖြစ်ချင်တဲ့ ငွေရေးကြေးရေးအခြေအနေ တန်းတူဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ။် ထားပါတော့ ထိုသူကမိသားစုကိုလဲ မငဲ့ဘူး၊ လုပ်ချင်တာတစ်ခုတည်းကိုဇောက်ချလုပ်သွားတယ်။ ဒါပေမဲ့ သူအဆုံးမှာအောင်မြင်သွားတယ်၊ မိသားစုကိုလဲထောက်ပ့ံနိုင်သွားတယ်။ 
 
ဒီအချိန်မှာ ပထမလူက သူမလုပ်လိုက်ရလေခြင်းဆိုပြီး ဒီပရက်ရှင်ဝင်ပြီ။ သူ့မှာနောင်တတွေနဲ့ သူ လုပ်ချင်တာကိုမလုပ်ခဲ့ရတာ မိသားစုကြောင့်၊ ဘာကြောင့်ညာကြောင့်ဆိုပြီး အပြစ်တင်စိတ်တွေရှိလာနိုင်တယ်။ တကယ်က ဘယ်သူ့မှာမှ အပြစ်ရှိနေခဲ့တာ မဟုတ်ဘူး။ ကိုယ်တိုင် မစတင်ခဲ့တဲ့သူရဲ့ အပြစ်၊ အလုပ်တစ်ခုကို ရလဒ်တစ်ခုသာတွေးပြီး တစ်စုံတစ်ရာဆုံးရှုံးရမှာကြောက်တဲ့လူရဲ့အပြစ်ဖြစ်တယ်။

ဒီမှာ ပထမလူနဲ့ဒုတိယလူ ကွာခြားတာကိုပြောရမယ်ဆိုရင် ပထမလူက တွေဝေတတ်တဲ့သူ၊ ဒုတိယလူကတော့ ရလဒ်ကိုအဓိကမထားပဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကိုသာပိုမိုကောင်းမွန်အောင် အာရုံစိုက်သူတစ်ဦးဖြစ်ကြောင်းတွေ့ရမှာပါ။ တကယ်လို့သင်ဟာ ပန်းတိုင်တစ်ခုကို လုံးလုံးလျားလျား သတ်မှတ်ပြီးပြီဆိုရင် ဘေးလူစကားလဲနားမထောင်ပါနဲ့၊ ကျရှုံးမှာကိုလဲမကြောက်ပါနဲ့ သင်လက်ရှိလုပ်နိုင်တဲ့အရာတစ်ခုကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်လိုက်ပါ။ အောင်မြင်မှုဆိုတာ သူ့အလိုလိုလိုက်လာပါလိမ့်မယ်။

အနာဂတ်ကို ရှေးရှုနိုင်စိတ်

လူတစ်ယောက်မှာ အနာဂတ်ကို သိမြင်ရှေးရှုတတ်တဲ့ စိတ်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ လူတွေက အနာဂတ်ကိုရှေးရှုတတ်တာနဲ့ အဆိုးမြင်တတ်တဲ့စိတ်ကို ခွဲမသိကြဘူးဗျ။ အနာဂတ်အကြောင်း စဉ်းစားလိုက်တာနဲ့ လူတော်တော်များများက အနည်းနဲ့အများ စိတ်ပူတတ်ကြတာကိုတော့တွေ့ရမှာပါ။ ကျွန်တော်ပြောချင်တဲ့ အနာဂတ်ကိုရှေးရှုတယ်ဆိုတာ ဒီလိုမျိုးဗျ။
 
ဥပမာ သင်စီးပွားရေးလုပ်ငန်းတစ်ခု စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ စတင်တော့မယ်ဆိုပါတော့ သင့်မှာဖွင့်ချင်တဲ့ စိတ်ပဲရှိနေရုံနဲ့မရပါဘူး။ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ဘဏ္ဍာရေးကိုဘယ်လိုစီမံခန့်ခွဲ မယ်၊ ဝန်ထမ်းကောင်းတွေရဖို့ ဘယ်လိုရှာဖွေမလဲ၊ ရလာတဲ့ဝန်ထမ်းတွေကို ကိုယ့်ဆီမှာပျော်အောင်ဘယ်လိုထားရမယ်၊ ဝန်ထမ်းတွေကို လစာဘယ်လောက်ပေးရင် သူတို့အတွက်အဆင်ပြေနိုင်မလဲ? အစရှိသဖြင့် စီမံခန့်ခွဲမှု ပိုင်းမှာ အဖက်ဖက်ကပြည့်စုံအောင်လုပ်ဖို့လိုလာပါလိမ့်မယ်၊ အရင်ကထက်ပို ဦးနှောက်စားလာမယ်။ 
 
ဒါပေမဲ့ စားသောက်ဆိုင်ဖွင့်ချင်တဲ့လူက သင်ကိုယ်တိုင်မဟုတ်ပါလား။ လူငယ်တွေအတွက်အနာဂတ်ကိုရှေးရှုတတ်ရမယ်ဆိုတာ ဒါမျိုးကိုပြောတာဗျ။ ကိုယ်လုပ်ချင်တာကြီးကိုပဲ အာရုံစိုက်နေလို့မရဘူး၊ ကိုယ်လုပ်မယ့်အလုပ်၊ ကိုယ်လျှောက်မယ့်လမ်းမှာ ရောက်ရှိလာနိုင်တဲ့ အခက်အခဲတွေကို ကိုယ့်ဘက်ကကြိုတွေးထားဖို့လိုတယ်။ အခက်အခဲ ဆိုတာမျိုးကြီး ကြိုတွေးထားဖို့ဆိုတာ ကြောက်ဖို့ပြောတာမဟုတ်ဘူးနော်။ 
 
အနာဂတ်မှာ ရင်ဆိုင်ရမယ့် အခက်အခဲကို အခုကတည်းက ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဆို အဆင်ပြေချောမွေ့နိုင်မလဲဆိုတာ ကိုယ်တိုင်ကကြို စဉ်းစားဆုံးဖြတ်ထားရမှာဖြစ်ပါတယ်။ ဒါတွေကို မစဉ်းစားချင်ဘူးဆိုရင်တော့ ဘာမှစမလုပ်သေးတာအကောင်းဆုံးပါ။ ဒါကြောင့် ရှေးလူကြီးတွေက အနာဂတ်ကို ရှေးရှုပြီး ဘာမဆို၊ မစခင်ကတည်းက စဉ်းစားဆုံးဖြတ်ဖို့ ဆိုဆုံးမခဲ့ကြတာဖြစ်ပါတယ်။
 
ဒီလောက်ဆိုရင် စာဖတ်ပရိတ်သတ်ကြီးလဲ အဆိုးမြင်စိတ်နဲ့ အနာဂတ်ကိုရှေးရှုနိုင်စိတ်ကို ခွဲခြားသိမြင်နိုင်ပြီလို့ထင်ပါတယ်။ အားလုံးပဲ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်သူတွေဖြစ်ကြပါစေ။
 
Double Paing (ပိုပိုလေး)

25 Feb 2019     1,465 Views




RELATED

Most Popular of Special or Others

Most Popular of Life Style