ကြယ်စင်လင်း ခရီးသည်တင်မှန်လုံ ယာဉ်တိုက်မှုမှ ဆရာမလေးတစ်ဦး ထပ်မံသေဆုံး
22 Feb 2019 1,658 Views
ကြယ်စင်လင်း ခရီးသည်တင် မှန်လုံယာဉ်နှင့် PPTTသင်တန်းဆင်း ဆရာမများ စီးနင်းလာသည့် ဆူဇာကီးကား ယာဉ်တိုက်မှုမှ ဆရာမတစ်ဦး မနေ့က ထပ်မံသေဆုံးသွားခဲ့ပြီး ယခုချိန်ထိ သေဆုံးသူ (၅)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့က မအူပင်မြို့နယ် မအူပင် - ဆားမလောက်ကားလမ်း တလုပ်လတ် အရှေ့ကျေးရွာ အောင်ဗောဓိဘုန်းတော်ကြီးကျောင်းကွေ့အနီး ညနေ (၃)နာရီကျော်အချိန်ခန့်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ဆားမလောက်ဘက်မှ မအူပင်ဘက်သို့ မြောင်းမြမြို့မှ PPTT သင်တန်း တက်ရောက်ပြီး ပြန်လာသော မော်လမြိုင်ကျွန်းမြို့မှ ပညာရေး ဆရာဆရာမများ တင်ဆောင် မောင်းနှင်လာသော Suzuki ကားနှင့် မအူပင်ဘက်မှ ဆားမလောက်ဘက်သို့အသွား ကြယ်စင်လင်း ခရီးသည်တင်မှန်လုံယာဉ်တို့ တိုက်မိခဲ့ခြင်းဖြစ်သည်။
ဒါဏ်ရာရရှိသူများထဲမှ ပြင်ထန်ဒါဏ်ရာဖြင့် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေသော ကျောင်းဆရာမ ဒေါ်ဆုမြတ်ဇော် သည် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ညနေ(၅)နာရီကျော်အချိန်ခန့်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ပင် ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူ (၁၁)ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကာ အမျိုးသား(၂)ဦး နှင့် ကျောင်းဆရာမ ( ၁)ဦးမှာ နေရာတွင် သေဆုံးခဲ့ပြီး ဒါဏ်ရာရရှိသူ(၁၁)ဦး အထဲမှ ကျောင်းဆရာမ (၃)ဦးအား ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးသို့အရေးပေါ် ပို့ဆောင်လိုက်ရပြီး ယင်း (၃)ဦးထဲမှ နှစ်ဦး မှာသေဆုံးသွားသဖြင့် လက်ရှိအချိန်ထိ သေဆုံးသူ စုစုပေါင်း (၅)ဦးထိရှိလာပြီ ဖြစ်ကြောင်းသိရသည်။
သတင်း - ပြည့်ဖြိုးပိုင်