တောင်ငူတွင် လင်မယားနှစ်ဦးအား ကြွေသီးခေါင်းဖြင့် ထုသတ်သူ သားအဖအား အရေးယူ
22 Feb 2019 1,530 Views
တောင်ငူမြို့တွင် မြေကွက်ဂရန်သက်တမ်းတိုးကိစ္စ ပြောဆိုစဉ် စကားအချေအတင်ဖြစ်ရာမှ လင်မယားနှစ်ဦးအား မသေမချင်း ကြွေသီးခေါင်းဖြင့် လမ်းမလယ်တွင် ထုသတ်သူ သားအဖအား ရဲအဖွဲ့မှဖမ်းဆီးရမိခဲ့သည်။
ပဲခူးတိုင်း တောင်ငူမြို့နယ် ကေတုမတီမြို့သစ် မင်းကြီးဆွေရပ်ကွက် ရန်ကုန်−မန္တလေးကားလမ်း အရှေ့ဘက်လမ်းဘေးတွင် လင်မယားနှစ်ဦးစလုံး သတ်ခံခဲ့ရပြီး ၎င်းတို့၏ သမီးငယ်မှာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်မြို့ ပုသိမ်လမ်း စမ်းချောင်းမြို့နယ်နေ ဦးစိုးလင်းသန်း (၄၉ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်ချောစုစုလင်း (၄၅ နှစ်)နှင့် သမီးဖြစ်သူ မသော်တာထက်စံ (၁၅ နှစ်) တို့သည် တောင်ငူမြို့ ကေတုမတီမြို့သစ် မင်းကြီးဆွေရပ်ကွက်တွင် နေထိုင်သည့် ဦးတိုးကြည် (၇၆ နှစ်) ၏ နေအိမ်ရှေ့သို့ ရောက်လာခဲ့ပြီး ဦးတိုးကြည်တိုး၏ သားဖြစ်သူ ရဲဝင်း (၅၁ နှစ်) ထံမှ ၂၀၁၂ ခုနှစ် မြေကွက်ဂရံအား သက်တမ်းတိုးရန်အတွက် လိုအပ်သည်များကို တောင်းယူပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လက်မှတ်လိုက်ထိုးပေးပါရန် ပြောဆိုခဲ့သည်။
ထို့ကဲ့သို့ ပြောဆိုမှုကို ဦးတိုးကြည် က မလုပ်ပေးနိုင်ကြောင်း ပြောရာမှ စကားအချေအတင်ဖြစ်ပြီး ဦးတိုးကြည်က ဝင်ရောက်လုံးထွေးချုပ်ကိုင်ကာ သားဖြစ်သူ ရဲဝင်း က လျှပ်စစ်မီးကြိုး သွယ်တန်းရာ၌ အသုံးပြုသော ကြွေသီးခေါင်းဖြင့် ဦးစိုးလင်းသန်း၊ ဒေါ်ချောစုလင်း တို့ နှစ်ဦးစလုံးကို ထုသတ်ပြီးနောက် သမီးဖြစ်သူ မသော်တာထက်စံ ကိုပါ လိုက်ထုစဉ် အနီးမှ ဝိုင်းဝန်းဆွဲထားခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့သည်။
ပြစ်မှုကျူးလွန်သူ တိုးကြည် နှင့် ရဲဝင်း တို့ နှစ်ဦးစလုံးကို ကေတုမတီမြို့သစ် နယ်မြေရဒစခန်းက အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။