ကိုရီးယားမီးဖိုသုံးသူတွေ အရေးတကြီး သတိထားရမယ့်အချက် (၅)ချက်
20 Feb 2019 1,896 Views
အိမ်မှာ ကိုရီးယားမီးဖို အသုံးပြုကြတဲ့ အိမ်ရှင်မတွေအတွက် မီးလောင်မှုအန္တရာယ်မဖြစ်အောင် ဂရုစိုက်ရမယ့် အဓိကအချက် (၅)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ကိုရီးယားမီးဖိုလို့ ခေါ်ကြတဲ့ အနီအောက်ရောင်ခြည်မီးဖိုဟာ တစ်နည်းအားဖြင့် ဟော့ပလိတ် သဘောတရားပဲဖြစ်ပါတယ်။
အရင်က ဟော့ပလိတ်တွေနဲ့ မတူတူကတော့ အနီအောက်ရောင်ခြည် နည်းပညာဖြစ်တာကြောင့် ကိုင်ရင် မပူတာ၊ ဓါတ်မလိုက်တာ၊ သုံးရလွယ်ကူလို့ အခုနောက်ပိုင်း အိမ်တိုင်းနီးပါး ဝယ်ယူသုံးစွဲနေကြတဲ့ မီးဖိုလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လျှပ်စစ်ပစ္စည်းဖြစ်လို့ စနစ်တကျ မသုံးစွဲတတ်ရင်တော့ ကြာရှည်မခံနိုင်သလို မီးဘေးအန္တရာယ်ရှိနိုင်တဲ့အပြင် မိသားစု ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုရီးယားနည်းပညာ အနီအောက်ရောင်ခြည်မီးဖို သုံးစွဲသူတိုင်း ရှောင်ကျဉ်ရမယ့်အချက် (၅)ချက် ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လေလမ်းကြောင်းကွယ်ခြင်း
လျှပ်စစ်မီးဖိုဟာ အတတ်နိုင်ဆုံး နေရာမယူအောင် သေသေသပ်သပ် လုပ်ထားပေမယ့် မီးဖိုခုံမှာ သူ့အတွက် အနည်းငယ်ချန်ထားပေးရမယ့် အချက်လေးတွေရှိပါတယ်။ မီးဖိုရဲ့အောက်ကို လှန်ကြည့်လိုက်ရင် ပုံပါအတိုင်း လေလှယ်တဲ့ အပေါ်ကို တွေ့ရမှာပါ။
မီးဖိုကိုအသုံးပြုတဲ့အခါ အပူလွန်ကဲပြီး မီးလောင်မှုမဖြစ်အောင် လေလမ်းကြောင်းလေးတွေ လှယ်ပေးရပါတယ်။ ဒီနေရာကို သတ်မထားမိပဲ အိုးတွေ၊ ပန်းကန်တွေ စသည်ဖြင့် တစ်ခုခုနဲ့ ကွယ်နေကာနေမယ်ဆိုရင်တော့ မီးဖိုရဲ့ စွမ်းရည်လည်း ကျဆင်းတာ မြန်လာမှာဖြစ်သလို အခန့်မသင့်ရင် အပူလွန်ကဲပြီး မီးလောင်နိုင်ပါတယ်။
၂။ အပူရှိန်မြင့်မြင့်နှင့် ဆက်တိုက်ချက်ပြုတ်ခြင်း
လျှပ်စစ်မီးဖိုကို အသုံးပြုတဲ့အခါ အမြဲတစေ အပူချိန်မြင့်မြင့်နဲ့ ဆက်တိုက်ကြီး ချက်ပြုတ်ဖို့ မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုလျှပ်စစ်မီးဖိုတွေရဲ့ သာမန် အပူရှိန်ဟာ ဂတ်စ်မီးဖိုရဲ့ အမြင့်ဆုံး အပူရှိန်ထက်တောင် မြင့်နေလို့ဖြစ်ပါတယ်။ အပူရှိန်ခလုပ်ကို အမြင့်ကြီးတင်ပြီး ချက်ပြုတ်မယ်ဆိုရင် မီးဖိုရဲ့ သက်တမ်းကို တိုစေသလို အိုးတွေကိုလည်း ပျက်ဆီးစေပါတယ်။
တစ်ခါတစ်ရံ လိုအပ်လို့ အမြင့်ဆုံး အပူချိန်နဲ့ ချက်ပြုတ်ပြီးတဲ့အခါ မီးဖိုကို ပိတ်ပြီး ခတ္တနားခိုင်းထားသင့်ပါတယ်။ စစချက်ခြင်းမှာ အမြင့်ဆုံးအပူရှိန်နဲ့ ချက်ပြုတ်ရင်လည်း ဟင်းအိုးဆူတဲ့အခါ အပူရှိန်ပြန်လျှော့ချပြီး ပုံမှန်ချက်ပြုတ်သင့်ပါတယ်။
၃။ အသုံးပြုပြီးတိုင်း ပလပ်ကို ချက်ခြင်း ပြန်ဖြုတ်ခြင်း
လူအတော်များများရဲ့ အယူအဆအမှားက မီးဖိုကို ချက်ပြီးတာနဲ့ ပလပ်ချက်ခြင်း ပြန်ဖြုတ်တာဟာ မီတာကုန်တာကို ချွေတာနိုင်တယ်လို့ မှတ်ယူထားကြပါတယ်။ အခုလို အနီအောက်ရောင်ခြည် ကိုရီးယားမီးဖိုတွေမှာတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ ချက်ပြီးတာနဲ့ မီးဖိုပလပ်ကို ချက်ခြင်းဖြုတ်လိုက်မယ်ဆိုရင် မီးဖိုက အေးသွားအောင် ပြန်လုပ်ပေးတဲ့ စနစ်က အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ကြာလာတဲ့အခါ မီးဖိုရဲ့ စွမ်းဆောင်ရည် ခပ်မြန်မြန်ကျလာပြီး အပျက်လွယ်ပါတယ်။
မှန်ကန်တဲ့ နည်းလမ်းကတော့ ချက်ပြတ်ပြီးသွားတဲ့အခါ “Off” ခလုပ်ကို နှိပ်ပြီး နောက်ထပ် နာရီဝက်လောက်ကြာမှ ပလပ်ကို ဖြုတ်ပါ။
၄။ မီးဖိုကို နံရံနဲ့ နီးကပ်စွာထားခြင်း
အနီအောက်ရောင်ခြည် မီးဖိုတွေ အလုပ်လုပ်တဲ့အခါ အပူရှိန်များစွာ ထုတ်လွှတ်ပါတယ်၊ ဒါကြောင့် မီးဖိုနဲ့ နံရံ နီးကပ်ထားရင် အပူရှိန်က ပျောက်ကွယ်မသွားပဲ မီးဖိုနားမှာပဲ ရှိနေတဲ့အတွက် ကြာလာရင် မီးဖိုရဲ့ ကိုယ်ထည်မှာ မှိုစွဲသလိုဖြစ်လာနိုင်သလို အပူလွန်ကဲပြီး ပေါက်ကွဲတာမျိုးပါ ဖြစ်တတ်ပါတယ်။
၅။ အသုံးပြုပြီးတာနဲ့ ချက်ခြင်း သန့်ရှင်းရေးလုပ်ခြင်း
ကိုရီးယားမီးဖိုတွေဟာ အခြားလျှပ်စစ်မီးဖိုတွေလိုပါပဲ ရေကြောက်ပါတယ်။ ဒါကြောင့်မို့ ချက်ပြုတ်ပြီးပြီးခြင်း ရေဝတ်စိုစိုနဲ့ သန့်ရှင်းရေးပြုလုပ်ခြင်းကို ရှောင်ကျဉ်ပါ။ အထူးသဖြင့် အပူရှိန်ရှိနေသေးတဲ့အချိန်မှာ ရေနဲ့တွေ့ရင် ဓါတ်လိုက်တာ၊ မီးထလောင်တာ တို့ ဖြစ်တတ်ပါတယ်။
သန့်ရှင်းရေးလုပ်ချင်တယ်ဆိုရင်တော့ မီးဖိုအေးသွားမှ ပလပ်ဖြုတ်ထားပြီး ရေဝတ်နဲ့ သန့်ရှင်းရေးလုပ်ပါ၊ ပြီးနောက် အဝတ်ခြောက်နဲ့ ခြောက်သွေ့အောင် ပြန်သုတ်ပေးပါ။
ထပ်မံ၍ အနှစ်ချုပ်အနေနဲ့ အနီးအောက်ရောင်ခြည် ကိုရီးယားမီးဖို အသုံးပြုသူတွေအနေနဲ့ အောက်ပါအချက် (၅)ချက်ကို ရှောင်ကျဉ်ဖို့ သတိပေးအပ်ပါတယ်။
၁။ လေလမ်းကြောင်းကွယ်ခြင်း
၂။ အပူရှိန်မြင့်မြင့်နှင့် ဆက်တိုက်ချက်ပြုတ်ခြင်း
၃။ အသုံးပြုပြီးတိုင်း ပလပ်ကို ချက်ခြင်း ပြန်ဖြုတ်ခြင်း
၄။ မီးဖိုကို နံရံနဲ့ နီးကပ်စွာထားခြင်း
၅။ အသုံးပြုပြီးတာနဲ့ ချက်ခြင်း သန့်ရှင်းရေးလုပ်ခြင်း
တို့ကို ရှောင်ကျဉ်ပါ။