ပန်းတနော်သူလေး စိုးစန္ဒာထွန်းရဲ့ရောဂါကို တာဝန်ယူကုသပေးမယ့်အလှူရှင် ထွက်ပေါ်လာ
06 Feb 2019 1,659 Views
ပန်းတနော်မြို့မှာနေထိုင်တဲ့ စိတ်ရောဂါရှင်မလေး စိုးစန္ဒာထွန်းကိုတော့ ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါ။ သူမဟာ ဇေရဲထက်ကိုအရူးအမူးအားပေးသူတစ်ယောက်ဖြစ်ပြီး ဇေရဲထက်ကိုတွေ့ချင်တယ်လို့ပြောထားတဲ့ သူမရဲ့ဗီဒီယိုဟာ ဖေ့စ်ဘွတ်ပေါ်မှာပြန့်သွားရာမှတစ်ဆင့် အားလုံးကစိတ်မကောင်းဖြစ်ခဲ့ကာ သူမအပေါ်ဂရုဏာသက်ခဲ့ရတာပဲဖြစ်ပါတယ်။ သူမဟာ စိတ်ရောဂါချို့တဲ့နေသူတစ်ယောက်ဖြစ်ပြီး ဇေရဲထက်ကိုအရူးအမူးစွဲလန်းအားပေးလို့ စိတ်မနှံ့သူတစ်ယောက်လို့လဲ သမုတ်ခံထားရသူပါ။
မိန်းမငယ်လေးဖြစ်ပေမယ့် လည်ပင်းမှာရေနွေးပူလောင်ဒဏ်ရာရရှိခဲ့တာကြောင့်ပင် သူမရဲ့နေထိုင်မှုဘ၀က အခက်အခဲဖြစ်နေခဲ့ရပါတယ်။ သူမဟာ မြန်မာသံစဉ်သီချင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ ၀ါသနာရှင်တစ်ယောက်ဖြစ်ပြီး သူမတို့နယ်လေးမှာ ဖျော်ဖြေပွဲတွေရှိခဲ့အခါမှာလည်း သူမရဲ့အဆိုပါရမီကိုပြသဖို့ တက်ရောက်ဖျော်ဖြေလေ့ရှိသူပါ။ ယခုချိန်မှာတော့ သူမအတွက် ၀မ်းသာစရာသတင်းတွေက တစ်ခုပြီးတစ်ခုဖြစ်ပေါ်လို့လာပါပြီ။
သူမအရမ်းကိုတွေ့ချင်နေတဲ့ မင်းသားဇေရဲထက်ကလည်း သူမဆီကိုသွားရောက်တွေ့ဆုံအားပေးကာ လက်ဆောင်ပစ္စည်းတွေကို ပေးခဲ့ပြီးသူမရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါ့အပြင် သူမကိုအကျည်းတန်ဖြစ်နေစေတဲ့ သူမရဲ့လည်ပင်းကဒဏ်ရာကိုပျောက်အောင် တာဝန်ယူကုသပေးမယ့် အလှူရှင်လည်းထွက်ပေါ်လာခဲ့ပါတယ်။ သူမရဲ့ဒဏ်ရာကိုကုသဖို့အတွက် ဆေးရုံရက်ချိန်းတောင်ယူပြီးပြီဆိုတဲ့ အကြောင်းကိုတော့ သူမနဲ့ဇေရဲထက်တို့တွေ့ဆုံအောင် ကူညီပေးခဲ့တဲ့ မာမီတိုးက မီဒီယာနဲ့အင်တာဗျူးမှာ ယခုလိုပဲပြောပြသွားခဲ့ပါတယ်။
“ညီမလေးစိုးစန္ဒာထွန်းကို ဇေရဲထက်တို့လည်းလာတွေ့တယ်၊ Bella ကုမ္ပဏီတို့ကပါ အစစအရာရာလာလှူပေးတော့ အရမ်းကိုဝမ်းသာပီတိဖြစ်မိတယ်။ အဓိကဖြစ်မိတာကတော့ ညီမလေးရဲ့လည်ပင်းကဒဏ်ရာပျောက်နိုင်ဖို့အတွက် ကုပေးနိုင်မယ့် စေတနာရှင်ကိုရှာတွေ့ပြီးပြီဖြစ်လို့ အရမ်းကိုဝမ်းသာမိတယ်။ ရှေ့ဆက်ဖို့ကတော့ ညီမလေးစိုး အဆိုပိုင်းမှာအောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ အဲ့ထာထက် သူ့လည်ပင်းကိုကုနိုင်ပေးဖို့က အရေးကြီးတယ်။ လာမယ့် မတ်လ (၆) ရက်နေ့ကို ရက်ချိန်းရပြီးပြီ၊ စစ်ကိုင်းက ဂျပန်ဆရာဝန်ဆီမှာသွားကုမှာပါ” ဆိုပြီး ၀မ်းသာအားရပြောပြသွားခဲ့ပါတယ်။
ဆက်လက်ပြီး ဖေ့စ်ဘွတ်ပေါ်က ဝေဖန်မှုအချို့နဲ့ပတ်သက်ပြီး “ကလေးမနဲ့ ပတ်သက်လို့ အတိုက်အခိုက်နည်းနည်းတော့ ကြားရတယ်။ အဲ့ဒီလိုမျိုးဘာဖြစ်လို့ ကူညီတာလဲ၊ ဒီလို ဒီလိုဆိုပြီး အမြင်မကျယ်တဲ့သူတွေက ဝေဖန်ကြတယ်။ ဒါပေမယ့်လည်း မာမီတို့ကစိတ်ထဲမှာ ဘာမှမထားဘူး။ ဒီကောင်မလေးမှာ သူ့ရဲ့ကံပါရမီတွေပြည့်လာရင်တော့ အဖက်ဖက်ကကူညီသူတွေပေါ်လာမှာပါ။ သူများလှူတာ မလှူတာတွေ၊ စေနာရှိ မရှိဆိုတာတွေက အရေးမကြီးပါဘူး။ အဓိကက ညီမလေးရဲ့လည်ပင်း ဟိုဘက်ဒီဘက်လှုပ်နိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။ ဒီကောင်မလေးရဲ့လည်ပင်းကို အခမဲ့ကုပေးမယ့် စေနာရှင်က ပေါ်လာပြီမို့ အရမ်းကို ကျေးဇူးတင်မိပါတယ်။ ကလေးမလေးက အရမ်းလဲဆင်းရဲတယ်။ စိတ်မနှံ့တာလည်းရှိတယ်၊ ဝေဒနာတွေလည်း ဖြစ်နေတယ်။ ကိုယ့်ဘက်ကတော့ အကောင်းဆုံးကူညီပေးသွားမှာပါ” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။
မာမီတိုးဟာဆိုရင် ဧရာဝတီတိုင်း ပန်းတနော်မြို့ကို နာရေးတစ်ခုကြောင့်သွားရောက်ခဲ့ရာမှာ ပန်းတနော်သူလေးနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး ဇေရဲထက်ကိုအရူးအမူးအားပေးနေတဲ့သူမကို ဗီဒီယိုရိုက်ခဲ့ရာမှ အားလုံးကသိရှိခဲ့ကြတာပဲဖြစ်ပါတယ်။
Photos_Pann Pwint