ပြည်သူ့အကျိုးပြုချင်တဲ့စိတ်ကြောင့် ရွေးကောက်ပွဲဝင်ပြိုင်သွားမယ်ဆိုတဲ့ ထက်ထက်ထွန်း
04 Feb 2019 1,486 Views
Miss Universe Myanmar 2016 ဆုကိုရရှိထားပြီး မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထက်ထက်ထွန်းဟာဆိုရင် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တာ နှစ်အနည်းငယ်ရှိပြီဖြစ်ပြီး အားပေးသူပရိသတ်များစွာရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ လှပတဲ့ ကိုယ်နေဟန်ထားနဲ့ ချစ်စရာကောင်းသူလေးဖြစ်တာမို့ ပုရိဿတွေကလဲ အခိုင်အမာဝန်းရံနေကြတာပါ။ သိပ်မကြာခင်က မော်ဒယ်ယွန်းဝင့်လွှာအောင်နဲ့အတူ အချစ်ဇတ်လမ်းဆန်ဆန် ခပ်မိုက်မိုက်ရိုက်ကူးထားတဲ့ ပုံရိပ်တွေကြောင့် မိန်းကလေးချင်းချစ်ကြိုက်နေကြတာလားဟု သတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။
သို့ပေမယ့် ချစ်သူဖြစ်သူနဲ့ ၅ နှစ်ကျော် Relationship တစ်ခုကိုတည်ဆောက်ထားသူဖြစ်ကြောင်း ဖွင့်ပြောလိုက်ပြီးနောက်မှာတော့ ယွန်းဝင့်လွှာအောင်နဲ့သဘောတူကြတဲ့ ပရိသတ်တွေသာမက၊ ပုရိဿတွေပါ စိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။ ဒီလိုမျိုးပရိသတ်တွေကို တစ်ခါတစ်လေရင်ခုန်အောင် စနောက်တတ်တဲ့ ထက်ထက်ထွန်းဟာဆိုရင် ပြည်သူကိုအကျိုးပြုချင်တဲ့စိတ်ဆန္ဒကြောင့် ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့သိရပါတယ်။ သူမဟာ စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံ့အကျိုးပြုအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး သူမရဲ့ဖခင်ဖြစ်သူကလည်းအားပေးကာ သူမအပေါ်မျှော်လင့်ချက်ကြီးစွာထားကြောင်းကို မီဒီယာတွေနဲ့ အင်တာဗျူးကနေ ပြောပြသွားခဲ့ပါတယ်။
ထက်ထက်ထွန်းရဲ့ဖခင်ဖြစ်သူဟာဆိုရင် အနောက်ပိုင်းခရိုင်စည်ပင်သာယာဥက္ကဌအဖြစ်ရွေးချယ်ခံခဲ့ရဖူးသူ ဒေါက်တာဦးတင်ထွန်းပဲဖြစ်ပါတယ်။ သူကိုယ်တိုင် စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ဖူးသူဖြစ်တာကြောင့် သမီးဖြစ်သူအပေါ်မှာလဲ မျှော်လင့်ချက်တွေထားကြောင်းကို ထက်ထက်ထွန်းက ယခုလိုပဲပြောပြသွားခဲ့ပါတယ်။ “အဖေ့ရဲ့ဆန္ဒကြောင့်ရယ် ညီမကိုယ်တိုင်က နိုင်ငံတော်ကိုယ်စားပြု Miss တစ်ယောက်အနေနဲ့တာဝန်ကျေပြီးပြီ၊ သွားရောက်ယှဉ်ပြိုင်ပြီးပြီ။ Miss တစ်ယောက်အနေနဲ့ ဘာတွေတာဝန်ယူရမလဲ စဉ်းစားတဲ့အချိန် ညီမရည်ရွယ်ချက်ထဲမှာ ပြည်သူ့အကျိုးဆောင်ရွက်ချင်တယ်။ နိုင်ငံရဲ့တာဝန်တွေကို တစ်ဖက်တစ်လမ်းကနေ လုပ်ပေးချင်တယ်။ နိုင်ငံ့ဂုဏ်ဆောင်တဲ့ Miss တစ်ယောက်ဖြစ်သလိုပဲ နိုင်ငံ့ဂုဏ်ဆောင်တဲ့ တစ်ခြားသောအကျိုးပြုလုပ်ငန်းတွေပါလုပ်ချင်တယ်ဆိုတော့ အဖေကဒီဟာလေးဝင်ပြိုင်ပါလားဆိုပြီး အားပေးတယ်။ အဲ့ဒါကြောင့် ၀င်ပြိုင်ဖြစ်တာပါ” ဆိုကာ အဖေ့ရဲ့အားပေးထောက်ခံမှုကြောင့် ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။
နိုင်ငံရေးကိုနားလည်သူတစ်ယောက်မဟုတ်ပေမယ့် ပြည်သူကိုအကျိုးပြုချင်စိတ်ကြောင့် ၀င်ပြိုင်တာဖြစ်ကြောင်းကို “နိုင်ငံရေးကိုနားမလည်ဘူးဆိုပေမယ့် အခုပြိုင်တဲ့စည်ပင်ရဲ့ ကော်မတီဝင်တစ်ယောက်ဖြစ်ဖို့အတွက် ညီမစိတ်ထဲမှာ ညီမတို့ရဲ့နိုင်ငံတော်ကြီးကို ဒီထက်မကစည်ပင်သာယာဝပြောစေချင်တယ်။ တစ်ခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်းပြီး တိုးတက်တဲ့နိုင်ငံ၊ သန့်ရှင်းတဲ့နိုင်ငံကြီးဖြစ်စေချင်တယ်။ အများအကျိုးသယ်ပိုးချင်တယ်။ အဓိက ဒီရည်ရွယ်ချက်ရှိရင် အချိန်တန်အလုပ်ကသင်ပေးသွားလိမ့်မယ်လို့ ထင်ပါတယ်” လို့ဆိုသွားပါတယ်။
အဖေဖြစ်သူကတော့ သမီးအပေါ်မှာ အရမ်းကိုမျှော်လင့်ချက်တွေထားကြောင်းကိုတော့ “အဖေကတော့ ဒုတိယမြို့တော်ဝန်နေရာအထိမှန်းတယ်။ မှန်းပြီးတော့ ဒီနေရာကိုဝင်ပြိုင်ခိုင်းတာပါ။ မိသားစုထဲမှာ ညီမကသွက်သွက်လက်လက်ရှိတယ်။ သမီးတွေထဲမှာဆိုရင်လဲ ညီမကိုအားအကိုးဆုံးပဲ။ အိမ်ကပံ့ပိုးမှုတွေမပါပဲ စီးပွားရေးလုပ်ငန်းတစ်ခုကိုလဲ ထူထောင်ထားသေးတယ်။ အဖေက ညီမအပေါ်ကိုယုံကြည်မှုရှိပြီး အားပေးတယ်။ ဖြစ်စေချင်တဲ့ ဆန္ဒတွေလည်းရှိတယ်။ ဖြစ်နိုင်ရင် သမ္မထိတောင်ဖြစ်စေချင်သေးတာ။ အခုက ဒီထိပဲရသေးလို့ ဒီထိပဲလုပ်ခိုင်းတာပါ” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။
ဆက်လက်ပြီး အနုပညာလုပ်နေရင်း နိုင်ငံရေးကိုလုပ်နိုင်ပါ့မလားလို့ ဝေဖန်နေကြသူတွေရှိပေမယ့် သူမကိုချစ်ပြီး အားပေးဝန်းရံနေကြတဲ့ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုတွေနဲ့ ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး သက်တမ်းတိုတိုနေရတဲ့ လူ့ဘ၀မှာ အသုံးဝင်တဲ့သူအဖြစ်နဲ့ နေသွားချင်တယ်လို့လဲ ပြောသွားခဲ့ပါသေးတယ်။ အမိနိုင်ငံတော်ကြီးကိုချစ်တဲ့ သူတစ်ယောက်အနေနဲ့ ဒီလိုမျိုးတစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီချင်တဲ့ ထက်ထက်ထွန်းရဲ့ စိတ်ကူးဆန္ဒလေးက တကယ်ကိုချစ်စရာကောင်းပါတယ်နော်…