အောင်မြင်သူဖြစ်ဖို့ သင့်ရဲ့ ပထမဦးဆုံး အလုပ်မှာ ဘယ်လောက်ကြာကြာနေသင့်လဲ..?
01 Feb 2019 1,692 Views
ကမ္ဘာကျော် တရုပ်သူဌေးကြီး “ဂျက်မား” က လူငယ်တွေအနေနဲ့ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်လာဖို့ ကိုယ့်ရဲ့ ပထမဦးဆုံးအလုပ်မှာ ဘယ်လောက်ကြာကြာနေသင့်သလဲ၊ ဘာကြောင့်လဲဆိုတာကို ပြီးခဲ့တဲ့ သီတင်းပတ်က ဆွစ်ဇလန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အကြံပြုရှင်းလင်းပြောကြားခဲ့ပါတယ်။
ဂျက်မား ရဲ့ အကြံပြုချက်အရ ကိုယ့်ရဲ့ ပထမဦးဆုံးအလုပ်ဆိုတာ ကိုယ့်ဘဝအတွက် အရေးအကြီးဆုံး အလုပ်ပဲဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်တစ်ခုကို ပထမဦးဆုံး မဝင်မီ ကိုယ့်ကို မှန်မှန်ကန်ကန် လမ်းပြပေးနိုင်တဲ့ ဆရာကောင်းကို ရှာသင့်သလို လူ့ဘဝအကြောင်းကို နားလည်အောင် သွန်သင်ပေးနိုင်တဲ့ အလုပ်ရှင်ကောင်းကို ရှာဖို့လိုတယ်လို့ ဆိုပါတယ်။
ဆိုလိုတာကတော့ ကိုယ့်ရဲ့ပထမဦးဆုံး ဝင်ရောက်လုပ်ကိုင်မယ့်အလုပ်ဟာ ကိုယ့်အတွက် အသက်မွေးဝမ်းကျောင်းနယ်ပယ်လည်း ဖြစ်သွားနိုင်တာမို့ အလုပ်ဖြစ်ရင်ပြီးရောဆိုတာထက် ဒီအလုပ်ကနေ ကိုယ့်ဘဝအတွက်အကျိုးရှိစေဖို့ ဆရာသမားကောင်းနဲ့ အလုပ်ရှင်ကောင်းကို ရွေးချယ်တတ်ဖို့ အရေးကြီးတယ်လို့ ဆိုတာပါ။ ဒီလို ရွေးချယ်တဲ့နေရာမှာ ကုမ္ပဏီကြီးတာ သေးတာ၊ အရှိန်အဝါရှိတာတွေနဲ့ မသက်ဆိုင်ပါဘူး ဆရာကောင်း သမားကောင်းနဲ့ သူဌေးကောင်းဆီမှာ အလုပ်လုပ်မိစေဖိုပဲ ဖြစ်ပါတယ်။
“ဒီလိုနေရာမျိုးမှာ အလုပ်ရပြီဆိုရင် ကိုယ့်ကိုယ်ကို အရင်ဆုံး ကတိပေးပါ၊ ငါ အနည်းဆုံး သုံးနှစ်တော့ လုပ်မယ်ကွာ” လို့ ဂျက်မားက ဆိုပါတယ်။
အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ဂျက်မား က ဒီစကားကို သူ့ဘဝရဲ့ အစောပိုင်းအတွေ့အကြုံတွေထဲကနေ ထုတ်နှုတ်ပြီး ပြောလိုက်တာဖြစ်ပါတယ်။ ဂျက်မား တစ်ယောက် ဟန်ကျိုးဆရာအတတ်သင်ကျောင်းမှာ တက်နေစဉ်က ကျောင်းဆရာလုပ်မယ်လို့ သံန္နိဋ္ဌာန်ချထားခြင်း မရှိပါဘူး။ ဒါပေမယ့် အထက်တန်းကျောင်းမှာ အင်္ဂလိပ်စာနည်းပြဖြစ်လာဖို့ လမ်းကြောင်းပေါ် ရောက်နေခဲ့ပါတယ်။
“ကျွန်တော်ဟာ ကျွန်တော်တွေးတယ်၊ ငါ့လို မလေးမလောက်စားနဲ့က ဘယ်လိုလုပ် ကျောင်းဆရာဖြစ်နိုင်မလဲ” လို့။ ဒါပေမယ့် အဲဒီအချိန်က တရုပ်နိုင်ငံတစ်ခုလုံး ယဉ်ကျေးမှုတော်လှန်ရေးကြီးဖြစ်နေပြီ လူတွေဟာ သူတို့ဘဝရုန်းကန်နိုင်ဖို့ သေချာတဲ့ အလုပ်အကိုင်တွေအတွက် လေ့ကျင့်ပြင်ဆင်နေကြပြီ ဟု ဆိုပါတယ်။
ကျောင်းပြီးသွားတဲ့နေ့မှာပဲ အထုတ်အပိုးလေးပြင်ပြီး ကျောင်းဝင်းထဲကနေ ထွက်အလာ ကျောင်းအုပ်ကြီးနဲ့ တန်းတိုးတော့တာပါပဲ။ ကျောင်းအုပ်ကြီးက သူ့ကိုလက်ပြနှုတ်ဆက်ပြီး ဂျက်မားရေ မင်းဘယ်သွားမလဲဆိုတာငါသိတယ် (သိတာပေါ့ သူတာဝန်ပေးလို့ပဲ အဲ့နေရာကို စာသွားသင်ဖို့ ထွက်လာတာ)။ “မား”ရေ ငါ့ကို ကတိတစ်ခုတော့ပေးကွာ ၆ နှစ် မပြည့်ပဲနဲ့ မထွက်ပါဘူးလို့။
ဒီကတိကို ဂျက်မား တည်ခဲ့ပါတယ် သူ့ရဲ့ပထမဆုံးအလုပ်ဖြစ်တဲ့ အင်္ဂလိပ်စာသင်တဲ့အလုပ်ကို ၆ နှစ်ပြည့်အောင် လုပ်ခဲ့ပါတယ်။ အဲဒီအချိန်တွေကြားထဲမှာ သူ့အတွက် အခြားအခွင့်အရေးတွေ ပေါ်လာခဲ့ပေမယ့် ငြင်းခဲ့တယ်လို့ဆိုပါတယ်။
စာသင်နေတဲ့ အချိန်တွေအတွင်း ဆရာကောင်းတစ်ယောက်ဖြစ်အောင်၊ တပည့်တွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ၆ နှစ်ပြည့်ပြီးနောက်မှာတော့ စာသင်ကျောင်းကို ထားခဲ့ပြီး အခြားမိတ်ဆွေ ၁၇ ဦးတို့နဲ့အတူတူ အွန်လိုင်းစျေးဆိုင် အလီဘာဘာကို စတင်တည်ထောင်ခဲ့ပါတယ်။ အလီဘာဘာကုမ္ပဏီဟာ အခုချိန်မှာဆိုရင်တော့ ဒေါ်လာ ၄၂၀ ဘီလီယံတန်တဲ့ ကုမ္ပဏီကြီးဖြစ်နေပါပြီ။
“ကျွန်တော် ကုမ္ပဏီလုပ်တဲ့အချိန်မှာ ပြသနာတွေ၊ အခက်အခဲတွေ အများကြီးကြုံခဲ့တာပေါ့” ခင်ဗျားတို့ အသက် ၂၀ ဝန်းကျင်မှာ ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်တစ်ကယ်သိကြမှာမဟုတ်ဘူး၊ ငါ့မှာ အကြံစည်တွေရှိတယ်၊ ငါအားလုံးလုပ်နိုင်တယ်လို့ ထင်ခဲ့ကြတယ်၊ တစ်ကယ်တော့ ကိုယ်လုပ်နိုင်တာ ဘာတစ်ခုမှမရှိဘူး”
“ဒါကြောင့်မို့ ဉာဏ်ရှိပါ၊ တစ်ယောက်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ အတွေ့အကြုံတွေ သင်ယူပါ၊ ဒီနေရာမှာ အရေးကြီးတာကတော့ ခေါင်းဆောင်ကောင်း သူဌေးကောင်းနဲ့ အလုပ် တွဲလုပ်မိဖို့ပါပဲ” လို့ ဂျက်မား က လူငယ်တွေအနေနဲ့ အောင်မြင်မှုရအောင် ဘယ်လို စတင်ရမလဲဆိုတာ အကြံပြုခဲ့ပါတယ်။
(ပိုပိုလေး)