မိန်းမချောလေးတွေထက် ပိုးဟပ်မလေးကို ချစ်သူအဖြစ်ရွေးချယ်ခဲ့တဲ့ ဂျပန်လူငယ် (ရုပ်သံ)
01 Feb 2019 1,505 Views
ဂျပန်နိုင်ငံက အသက် ၂၅ နှစ်အရွယ် “ယုမာရှီနိုဟာရာ” ဆိုသူ လူငယ်ဟာ သူ့ရဲ့ပထမဦးဆုံး အချစ်ဦးအဖြစ် ပိုးဟပ်အမ တစ်ကောင်နဲ့ အတူတူ သွားသွား စားစားနေထိုင်ခဲ့ပါတယ်။ ပိုးဟပ်ရဲ့ နာမည်ကို “လီဆာ”လို့ သူကိုယ်တိုင် မှည့်ပေးထားပါတယ်။ “လီဆာ”ဟာ လူသားမိန်းကလေးတွေထက်ပိုပြီး သူ့အတွက် စွဲဆောင်မှု ရှိတယ်လို့ “ယုမာ” က ဆိုပါတယ်။
သူကိုယ်တိုင် ပိုးဟပ် အရွယ်လောက် ဖြစ်ရင်ဖြစ် ဒါမှမဟုတ် “လီဆာ” က လူအရွယ်လောက် ဖြစ်လာရင် ကောင်းမယ်လို့ အမြဲစိတ်ကူးခဲ့ဖူးသူပါ။ ဒီလိုနဲ့ တစ်နှစ်လောက် အတူတူတွဲခဲ့ပြီးနောက် ပိုးဟပ်မလေး “လီဆာ” သေသွားတဲ့အခါ သူကိုယ်တိုင်ပဲ စားသောက်လိုက်ပါတယ်။
“ယုမာ” ဟာ သူ့ကိုယ်သူ အင်းဆက်ပိုးမွှားများနှစ်သက်သူ အဖြစ်ခံယူထားပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ လူတို့စားသုံးနေတဲ့ သတ္တဝါတွေရဲ့ အသားတွေနေရာမှာ အင်းဆက်ပိုးမွှားတွေကို အစားထိုး စားသောက်မှုကို လက်တွေ့ အကောင်အထည်ဖော်နေသူလည်းဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံမှာရှိတဲ့ အင်းဆက်ပိုးမွှားတွေကို အရသာရှိအောင် ဘယ်လို ပြင်ဆင်ချက်ပြုတ်စားသောက်ရမလဲဆိုတာ ကောင်းကောင်း သိပါတယ်။
Asian Boss နဲ့ အင်တာဗျူးတဲ့ အစီစဉ်မှာတော့ “လီဆာ” ဟာ အာဖရိကနိုင်ငံက လယ်ကွင်းထဲမှာ ရှားရှားပါးပါးတွေ့ရတဲ့ ပိုးဟပ်ဖြစ်ပြီး သူကိုယ်တိုင် ဝယ်ယူလာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးကြားမှာ အပြန်အလှန်နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုးရှိခဲ့ပါတယ်။ “လီဆာ” သေသွားတဲ့အခါမှာ အင်းဆက်ပိုးမွှား စားသုံးသူတို့ရဲ့ သဘာဝအတိုင်း သူစားသောက်လိုက်ပါတယ်။
“ကျွန်တော် တန်ဖိုးထားတဲ့စိတ်နဲ့ စားခဲ့တာပါ။ အခုဆိုရင် သူ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ရှိနေပြီး ကျွန်တော့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအဖြစ် ရှင်သန်နေပါတယ်” လို့ ဆိုပါတယ်။
အင်ဆက်ပိုးမွှားများ စားသောက်ခြင်းဟာ အသားစားခြင်းရဲ့ အခြားနည်းလမ်းအဖြစ် တစ်ဖြည်းဖြည်း လူသိများထင်ရှားလာပြီဖြစ်ပါတယ်။ ဒီလိုစားသောက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် အတွက် ဆိုးကျိုးတွေကို လျှော့ချပေးနိုင်တယ်လို့ လက်ခံသူတွေရှိလာပြီဖြစ်ပါတယ်။