မခံချင်စိတ်ကြောင့် Sexy ပုံတွေရိုက်ပြီးတင်ဖြစ်တာပါဆိုတဲ့ မိုးမြင့်သဇင်
31 Jan 2019 3,327 Views
မိုးမြင့်သဇင်ကတော့ ယခုနောက်ပိုင်း ပုရိဿတွေရဲ့ပါးစပ်ဖျားမျာ ရေပန်းအလွန်စားလာတဲ့ လှပတဲ့မော်ဒယ်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဖြူဖွေးနုဖတ်တဲ့အသားရည်၊ နိုင်ငံခြားဆန်တဲ့ရုပ်ရည်နဲ့ ဆွဲဆောင်မှုပြင်းတဲ့ကောက်ကြောင်းအလှတို့ကိုပိုင်ဆိုင်ထားသူလေးဖြစ်တာကြောင့် ယောကျာ်းထုကြီးကအခိုင်အမာဝန်းရံနေကြတာပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို Sexy ကျကျပုံရိပ်တွေနဲ့ ဖမ်းစားလေ့ရှိတဲ့ မိုးမြင့်သဇင်ကတော့ ယခုလိုမျိုးလူမှုကွန်ယက်ပေါ်မှာ Sexy ပုံရိပ်တွေတင်ဖြစ်ရတဲ့အကြောင်းကို အင်တာဗျူးတစ်ခုမှာ ပြောပြသွားခဲ့ပါတယ်။
အရင်တုန်းက အနုပညာလောကထဲကို သရုပ်ဆောင်တစ်ယောက်အဖြစ်စတင်ဝင်ရောက်ခဲ့တဲ့ မိုးမြင့်သဇင်ဟာ ယခုချိန်မှာတော့ Photo မော်ဒယ်အဖြစ်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ကြော်ငြာတွေပိုမိုရိုက်ကူးဖြစ်တာနဲ့ပတ်သက်ပြီး “အရင်တုန်းက သရုပ်ဆောင်လုပ်ခဲ့တာဆိုတော့ သရုပ်ဆောင်ပေါ့။ ဖေ့စ်ဘွတ်တောင် မသုံးတတ်ဘူး၊ မသုံးဖြစ်ဘူး။ အခုကျတော့ ဗီဒီယိုဈေးကွက်ကလဲ မကောင်းတော့၊ ပြီးဒီဘက်မှာကလဲ အွန်လိုင်းရှော့ပင်းက သူတို့ပစ္စည်လေးတွေရိုက်တယ်။ ဒီဘက်ကဟာလေးတွေက ကိုယ့်အတွက်ပိုပြီး Chance ပိုများနေတဲ့အတွက် ပိုပြီးရိုက်ဖြစ်တာပါ” လို့ ဆိုသွားပါတယ်။
သရုပ်ဆောင်လုပ်ခဲ့စဉ်က ရိုးရိုးယဉ်ယဉ်လေးဝတ်စားကာ လှပခဲ့သူဖြစ်ပြီး Photo model ဖြစ်လာပြီးနောက် Sexy ပုံစံတွေဝတ်စားကာ ဖက်ရှင်ပြောင်းသွားရတာနဲ့ပတ်သက်ပြီး “ပုံမှန်ကအငြိမ်ပဲနေတာ၊ အပြင်မှာလည်း အငြိမ်ပဲ။ တစ်ခါတစ်လေကျရင် နဲနဲဆန်းသွားအောင် သူတို့ကလုပ်ခိုင်းတယ်။ ရိုက်ခါနီးမှ သူတို့ကအဲ့လိုတွေလုပ်ခိုင်းတော့ ကိုယ်ကလည်းလုပ်လိုက်မိတာပေါ့။ အဲ့တော့ပရိသတ်တွေအတွက်က အမြင်ဆန်းသွားတယ်။ တစ်ချို့ဆိုပြောင်းလဲသွားပြီလို့ပြောတယ်။ အမှန်တော့ မပြောင်းလဲပါဘူး၊ အရင်အတိုင်းပါပဲ” ဆိုပြီး ပြောသွားပါတယ်။
တစ်ချို့ Sexy ပို့စ်တွေရိုက်ရတဲ့အခါမှာလည်း အရှက်အကြောက်ကြီးငယ်ဖြစ်မိကာ တစ်ချို့အမြင်ရိုင်းစရာပို့စ်တွေဖြစ်သွားတဲ့အခါ ပရိသတ်တွေအတိုင်း ကိုယ့်ပုံကိုယ်တောင် ပြန်မကြည့်ရဲတဲ့အထိဖြစ်ခဲ့ရကြောင်းနဲ့ နောက်ပိုင်းမှာထိန်းထိန်းသိမ်းသိမ်းပြန်ပြီး ၀တ်စားသွားဖို့စဉ်းစားထားတယ်လို့လဲ ဆိုပါတယ်။
Sexy ပုံတွေရိုက်ပြီး နာမည်ကြီးအောင်ဖောက်ထွက်တာလားဆိုတဲ့ အမေးကိုတော့ “တစ်ချို့အရာတွေက ကောင်းတယ်၊ တစ်ချို့အရာတွေက မကောင်းဘူး။ ကိုယ်ဆို အနုပညာသက်တမ်းကကြာပြီ ၇ နှစ် ၈ နှစ်လောက်ရှိပြီဆိုပေမယ့် ပရိသတ်တွေကမသိကြဘူး။ ဆိုရှယ်မီဒီယာကလဲ ဒီလိုင်းပေါ်မှာပဲရှိတာဆိုတော့ ပေါ်ပင်လုပ်ကြတဲ့သူတွေကိုပဲသတိထားမိတယ်။ ကိုယ်တွေဆို နာမည်တစ်လုံးရအောင်ကြိုးစားလာခဲ့တာ နှစ်တွေအများကြီးပဲ ဒါပေမယ့် ကိုယ်တွေကိုလူမသိဘူး။ အဲ့ဒါကြောင့် ကိုယ်တွေကအရမ်းနစ်နာတယ်။ တစ်ခါတစ်လေကျရင် စိတ်မကောင်းတော့ဖြစ်မိတယ်။ သူများတွေကို ထိခိုက်ပြီးပြောတာတော့ မဟုတ်ပါဘူး၊ တစ်ချို့ဆိုပေါ်ပင်တွေလုပ်တယ်၊ လူတွေက ပေါ်ပင်တွေကိုဆို ပိုပြီး Troll လုပ်တယ်။ ဒါပေမယ့် သူတို့ကလက်ခံတယ်ပေါ့နော်။ သူတို့ကျတော့ အဲ့လိုမျိုးဖြစ်ပြီး ကိုယ်တွေကျကြိုးစားလာခဲ့တဲ့နှစ်တွေအများကြီး ဘာ့ကြောင့်ဒီလိုမျိုးဖြစ်တာလဲပေါ့။ သူတို့တောင်လုပ်နိုင်တာပဲ ငါလဲလှတာပဲ။ ငါလဲလုပ်ကြည့်မယ်ဆိုတဲ့ စိတ်နဲ့ လူငယ်ကလည်းဖြစ်တော့ မခံချင်စိတ်လေးနဲ့ လုပ်မိတယ်။ ဒါပေမယ့်လည်း ကိုယ့်ကိုကိုယ်မကြိုက်ဘူးဆိုတော့ နောက်ပိုင်းတော့ ဒီ့ထက်ပိုပြီးဆင်ခြင်သွားဖို့ရှိပါတယ်” ဆိုကာ မခံချင်စိတ်ကြောင့် Sexy ပုံတွေရိုက်ပြီး တင်ဖြစ်ရတာဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။
ဟော့ရမ်းရမ်းပုံတွေရိုက်မိတဲ့အခါ ချစ်သူနဲ့လည်း ရန်ဖြစ်စိတ်ကောက်ဖြစ်ရကြောင်းနဲ့ မခံချင်စိတ်လေးနဲ့ လုပ်မိလိုက်တာတွေကြောင့် တစ်ခါတစ်လေ ပရိသတ်တွေမျက်လုံးထဲရိုင်းသလိုဖြစ်သွားရင်လည်း တောင်းပန်ပါတယ် ဆိုပြီး ပြောကြားသွားခဲ့ပါတယ် ပရိသတ်ကြီးရေ...
Source _ The Radar