၁၂ နှစ်အရွယ်သားငယ်ကို မေတ္တာအပြည့် ရင်နာနာနဲ့ နေ့စဉ်အရက်တိုက်ရတဲ့ ဖခင်
30 Jan 2019 1,361 Views
ပစ္စည်းဥစ္စာမပြည့်စုံ ဆင်းရဲပေမယ့် “ဒေါင်း” တို့ လင်မယားဟာ အိမ်ထောင်ကျကာစမှာ ပျော်ရွှင်ချမ်းမြေ့ခဲ့ပါတယ်။ ဒါပေမယ့် ပထမဦးဆုံး သားလေး မွေးလာတဲ့အချိန်ကစပြီး သူတို့မိသားစုဆီကနေ ပျော်ရွှင်မှုတွေဟာ တစ်ဖြည်းဖြည်း ထွက်ခွာသွားခဲ့ပါတယ်။ ကလေးဟာ မွေးရာပါ ဉာဏ်ရည်မမီတဲ့ မသန်မစွမ်းလေး ဖြစ်နေခဲ့တာကြောင့် ဖြစ်ပါတယ်။
ကလေးရဲ့ ကျန်းမာရေးအခြေအနေက မိဘနှစ်ပါးရဲ့ စောင့်ကြည့် ပြုစုစောင့်ရှောက်မှုကို ၂၄ နာရီပတ်လုံး လိုအပ်တဲ့ အနေအထားပါ။ ကလေးက မကြာခဏဖျားနာခြင်း၊ ခက်ခဲပင်းပန်းလွန်းခြင်းနဲ့ ဆင်းရဲမှုဒုက္ခဒဏ်တွေကို သည်းမခံနိုင်တော့တဲ့အဆုံးမှာ မိခင်ဖြစ်သူက သားအဖနှစ်ယောက်ကို ထားခဲ့ပြီး သူ့ဘဝအတွက်သူ ကိုယ်လွတ်ရုန်းကာ တိတ်တိတ်လေး ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အဖေတစ်ခု သားတစ်ခုအဖြစ်နဲ့ အိမ်စုတ်လေးထဲမှာ နှစ်ယောက်တည်း ကျန်နေရစ်ပါတယ်။
“ဒေါင်း” ရဲ့ သားဟာ အခြားကလေးတွေနဲ့ မတူပဲ ဦးနှောက်ရောဂါကြောင့် ခေါင်းမာ ဒေါသထွက်တတ်တဲ့ ကလေးဖြစ်ပါတယ်။ အစားအသောက်ကျွေးရတဲ့ အချိန်တွေ၊ အဝတ်အစားလဲပေးရတဲ့ အချိန်တွေမှာ အမြဲတမ်း ဒုက္ခပေး သောင်းကျန်းတတ်ပါတယ်။ သူမစားချင်တဲ့ အချိန်မှာ သွားကျွေးမိရင် ထမင်းပန်ကန်တွေ လွှင့်ပစ်ပြီး ဖအေကိုလည်း ရိုက်ပါတယ်။
“ဒေါင်း” ဟာ သားရဲ့ ကြမ်းတမ်းတဲ့ တုံ့ပြန်အပြုအမူတွေကြောင့် စိတ်ထိခိုက်ခံစားရတဲ့ အကြိမ်ပေါင်း မရေတွက်နိုင်ခဲ့ပါဘူး။ အဲဒီလိုအချိန်တွေဆိုရင် “ငါ့သားလေးက ငါ့ကိုရိုက်တာပဲ ဘာဖြစ်လဲ ခံလိုက်ပေါ့” လို့ သူကိုယ်သူ ဖြေသိမ့်ရရှာပါတယ်။ ကလေးဟာ ကြီးပြင်းလာတာနဲ့အမျှ ပိုပိုပြီး ဆိုးလာပါတယ်။
တစ်နေ့မှာတော့ သူ့ရဲ့ သားကို နေ့စဉ် အရက်တွေတိုက်နေတာကို ပတ်ဝန်းကျင်က မြင်ပြီး ရဲတိုင်ခံခဲ့ရပါတယ်။ ရဲတွေနဲ့အတူ အနီးနားက လူတွေက သူတို့အိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ အမှန်တကယ်လည်း ၁၂ အရွယ်သားဖြစ်သူကို ကိုယ်တိုင် နေ့စဉ် အရက်တိုက်ခဲ့တာကြောင့် အခုဆိုရင် ကလေးက အရက်ကို ပုလင်းတစ်ဝက်လောက်တောင် သောက်နိုင်နေပြီဖြစ်ပါတယ်။
ရဲတွေက စစ်ဆေး မေးမြန်းတဲ့အခါ သားအတွက် လိုအပ်တဲ့ ဆေးဝါးတွေက ဈေးကြီးတာကြောင့် သားဖြစ်သူ အိပ်ပျော်ပြီး ရောဂါသက်သာအောင် ကြံရာမရသည့်အဆုံး ရင်နာနာနဲ့ အရက်တွေ တိုက်ခဲ့ရကြောင်း ရှင်းပြခဲ့ပါတယ်။
Cerebral palsy (CP) လို့ခေါ်တဲ့ ဦးနှောက်ဉာဏ်ရည် မပြည့်မီတဲ့ရောဂါဟာ ခန္ဓာကိုယ်လှုပ်ရှားမှု မူမမှန်တာကို ကလေးဘဝ အစပိုင်းမှာထဲက လက္ခဏာပြသတတ်ပါတယ်။ ဒီဝေဒနာရဲ့ လက္ခဏာတွေက ကြွက်သားများ မထိမ်းနိုင်ပဲ တုန်တုန်ယင်ယင် ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ သူတို့တွေဟာ အထိအတွေ့၊ အမြင်အာရုံ၊ အကြားအာရုံနဲ့ စကားပြောတဲ့ နေရာတွေမှာ ပြဿနာအခက်အခဲတွေ ရှိပါတယ်။
ဒီလိုကလေးတွေဟာ အခြားကလေးတွေလို ထိုင်ခြင်၊ ဝမ်းလျားထိုးသွားခြင်း၊ လှိမ့်ခြင်း စတာတွေကို ခပ်စောစောအရွယ်မှာ လုပ်နိုင်ခြင်းမရှိပါဘူး။ ဒီလို ရောဂါမျိုးဟာ မွေးလာတဲ့ ကလေး အယောက် ၁,၀၀၀ မှာ ၂.၁ လောက် ပါလာတတ်တယ်လို့ သိရှိရပါတယ်။