နှာချေထားပြီးသား တစ်ရှုးတစ်စကို မြန်မာငွေ ၁ သိန်း ၂ သောင်းကျော်ဖြင့်ရောင်းချ
30 Jan 2019 1,577 Views
လောကကြီးမှာ လူတွေ ရူးကုန်ပြီလား..? လို့တောင် မေးလိုက်ချင်ပါတော့တယ်။
အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ် အခြေစိုက် ကုမ္ပဏီတစ်ခုက နေမကောင်းတဲ့လူတွေ နှာချေထားပြီးသား တုပ်ကွေးဖျားနာ ဗိုင်းရပ်စ်ရောဂါပိုး ပေါင်းစုံပါတဲ့ တစ်ရှုးကို ဒေါ်လာ ၈၀ (ကျပ် ၁ သိန်း ၂ သောင်းကျော်) နဲ့ အွန်လိုင်းမှာ ရောင်းချနေပါတယ်။
“ဗေ့ဗ်” (Vaev) လို့ တံဆိပ်တပ်ထားတဲ့ တစ်ရှုးဟာ ကိုယ်နေမကောင်းဖြစ်ချင်တဲ့အချိန်မှာ နေမကောင်းဖြစ်နိုင်အောင် ရည်ရွယ်တယ်လို့ ရောင်းချသူတွေက ဆိုပါတယ်။ နေမကောင်းဖြစ်ချစ်တဲ့ ဆန္ဒရှိတဲ့အချိန် တစ်ရှုးလေးကို ထုတ်ပြီး နှာခေါင်းဝမှ သုတ်လိုက်ရုံပါပဲ။
Vaev ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ တစ်ရူးရဲ့ ရည်ရွယ်ချက်မှာတော့ တုတ်ကွေးရာသီရောက်လာတဲ့အချိန်မှာ တစ်ခြားသူတွေဆီက အကူးမခံပဲ ဒီတစ်ရှုးလေးကို ထုတ်သုတ်လိုက်တာနဲ့ ကိုယ်ကြိုက်တဲ့အချိန် ဖျားနာလို့ရပြီး ဒါဟာ ကာကွယ်ဆေးတွေ သောက်တာ ထိုးတာထက်ပိုပြီး ဘေးအန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။
Vaev ကိုတည်ထောင်သူ အသက် ၃၄ နှစ်အရွယ် Oliver Niessen နဲ့ အင်တာဗျူးမှာတော့ “ရိုးရိုးလေးပါပဲ နောက်လည်းဖျားနာမယ့်အတူတူ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ဖျားနာနိုင်အောင် ရည်ရွယ်တာပါ။ တစ်နည်းအားဖြင့် ဖျားနာမှု အချိန်ကို ကိုယ်တိုင် စီစဉ်နိုင်ပါတယ်” လို့ ဆိုပါတယ်။
“ဆိုလိုတာက ကိုယ်က ရှေ့တစ်ပတ်လောက်မှာ ခရီးထွက်ဖို့ စီစဉ်ထားတယ်၊ ခရီးသွားနေရင်း မဖျားရအောင် ကြိုတင်ပြီး တစ်ရှုးကိုသုတ်လိုက်တာနဲ့ ဖျားနာပြီ၊ နေပြန်ကောင်းတဲ့အချိန်နဲ့ ခရီးသွားမယ့်အချိန် ကွက်တိဖြစ်တော့ စိတ်အနှောက်အယှက်မဖြစ်ရတော့ဘူးပေါ့” လို့ Niessen က ဖြည့်စွက်ပြောဆိုပါတယ်။
မည်သို့ပင်ဆိုစေကာမူ အရီဇိုးနား တက္ကသိုလ်က အနုဇီဝသုတေသီ Charles Gerba ကတော့ ရောဂါပိုးတွေက ဒီလိုပုံစံမျိုးနဲ့ အလုပ်လုပ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအတွေးအခေါ်က မှားယွင်းနေတယ်လို့ တိုင်းမ်စ်နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
“ရောဂါပိုးမွှား အမျိုးပေါင်း ၂၀၀ ကျော်ရှိနေပြီး ဘယ်ရောဂါပိုးကြောင့် ကိုယ်ဖျားနာမလဲဆိုတာ ဘယ်လို သိနိုင်မလဲ၊ ပြီးတော့ ပိုးတစ်မျိုးအတွက် ကာကွယ်ဆေးက အခြားတစ်မျိုးကို မကုသနိုင်ဘူး၊ ဖြစ်တဲ့ ရောဂါပိုးအလိုက် ကာကွယ်ဆေးတွေလည်း မတူကြဘူး၊ ဘယ်ကာကွယ်ဆေး တစ်မျိုးထဲကများ ဗိုင်းရပ်စ်ပိုး ၂၀၀ ကျော်ကို ကာကွယ်နိုင်ပါ့မလဲ” လို့ဆိုပါတယ်။
ဒါ့အပြင် ရောဂါပိုးတွေကလည်း လူပေါ်မူတည်ပြီး တုံ့ပြန်ပုံတွေ မတူတဲ့အတွက် ဒီတစ်ရှုးကို ရှုလိုက်တာနဲ့ အခြားဖျားနာမှုတွေ နောက်ထပ် ဖြစ်မလာတော့ဘူးဆိုတာ ဘယ်လိုမှ ယုံကြည်လို့မရဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် လက်တလောမှာတော့ Vaev တစ်ရှုးက ရောင်းမလောက်တော့လို့ ကုန်ပြီလို့တောင် ကြေညာထားတာကို တွေ့ရပါတယ်။ မိတ်ဆွေရော ဘယ်လို ထင်မြင်ပါသလဲခင်မျာ..?
(ပိုပိုလေး)