နေ့စဉ်နဲ့အမျှ အကောင်းမြင်စိတ်ပွားများနိုင်အောင် စိတ်ကိုလေ့ကျင့်နည်းအသွယ်သွယ်
24 Jan 2019 2,046 Views
၁။ သင့်ဦးနှောက်ကို ကောင်းတာတွေပဲတွေးဖို့အလေ့အကျင့်ပေးပါ
အကယ်၍ သင့်ဦးနှောက်က မကောင်းတဲ့အရာ အဆိုးမြင်စေတဲ့အကြောင်းအရာတွေကိုပဲ မှတ်မိနေတယ်ဆိုရင် ဒါဟာ သင့်ကို ခေတ္တခဏ လမ်းပျောက်သွားစေနိုင်ပါတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင် သင့်ဦးနှောက်ကို အခြေအနေ အရပ်ရပ်တိုင်းမှာ ကောင်းကွက်လေးတွေမြင်တတ်အောင်ကြည့်တတ်ဖို့ လေ့ကျင့်ပေးပါ။ ဒီလိုလုပ်ခြင်းဟာသင့်ရဲ့ လုပ်ငန်းဆောင်တာတွေကို အလျင်အမြန်ပြီးစေဖို့ အထောက်အကူပြုပြီး ပျော်ရွှင်မှုကိုလဲ တစ်ပြိုင်နက်တည်း ရရှိစေပါလိမ့်မယ်။
၂။ သင်ကျွမ်းကျင်ပြီး ဝါသနာပါတဲ့အလုပ်တစ်ခုကိုနေ့စဉ်လုပ်ဆောင်ပါ
ကျွန်တော်တို့ လက်တွေ့ဘဝကြီးမှာ ဝါသနာနဲ့အလုပ်ထပ်တူကျဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းလှပါတယ်။ လူတိုင်းမှာ မတူညီတဲ့ထူးခြားချက်ကိုယ်စီရှိကြပါတယ်။ တချို့က ဂစ်တာတီးတော်တယ်၊ တချို့က ပန်းချီဆွဲတော်တယ်၊ တချို့က သီချင်းဆိုတော်တယ် အစရှိသဖြင့်ဝါသနာ မျိုးစုံရှိကြပါတယ်။ လူဆိုတာကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေ လုပ်နေရရင်အလိုလိုကျေနပ်နေတတ်ကြတာမို့လို့ ဒီလို သင်ကျွမ်းကျင်ဝါသနာ ပါတဲ့အရာတွေကို နေ့စဉ်လုပ်ဆောင်ပေးတာကလဲ အကောင်းမြင်စိတ်လေးကိုပိုမိုတိုးပွားလာစေဖို့ အထောက်အကူပြုပါလိမ့်မယ်။
၃။ ချစ်ခင်နှစ်သက်သူတွေနဲ့ အားလပ်ချိန်ကိုကုန်ဆုံးပါစေ
ပျော်ရွှင်မှုဆိုတာ တစ်ယောက်နဲ့တစ်ယောက်ကူးစက်တတ်တာမျိုးပါ။ အားလပ်ချိန်တွေမှာ သင်ချစ်ခင်တဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးခြင်းဟာ သင့်ကို ပျော်ရွှင်စေပြီး အကောင်းမြင်လာစေပါတယ်။ ရင်းနှီးတဲ့လူတွေအချင်းချင်း လေးနက်တဲ့စိတ်ချင်းဆက်သွယ်မှုတွေရှိကြတာမို့ ပျော်ရွှင်မှုဆိုတာဖြစ်ပေါ်လာရတာပါ။ ဒါကြောင့် ကိုယ်ကချစ်တဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ အားလပ်ချိန်တွေကို အတူတူဖြတ်သန်းသင့်ပါတယ်။
၄။ လူတွေကိုကူညီပါ၊ ဘာကိုမှပြန်မမျှော်လင့်ပါနဲ့
ကူညီမှုဆိုတာ စိတ်ချမ်းသာစရာ စကားစုတစ်စုပါ။ ဥပမာ လမ်းဘေးမှာ ဗိုက်ဆာနေတဲ့ကလေးငယ်ကို ကိုယ့်အိတ်ထဲမှာပါတဲ့ မုန့်တစ်ခုထုတ်ကျွေးလိုက်ရတဲ့ ပီတိက ဘာနဲ့မှမလဲနိုင်ပါဘူး။ လူတစ်ယောက်ကို ဘာအကျိုးတစ်ခုမှ မျှော်ကိုးခြင်းမရှိပဲ ကူညီပြီးမှ ရရှိလာတဲ့ပီတိဟာ အင်မတန် စိတ်ချမ်းမြေ့ဖွယ်ကောင်းလှပါတယ်။ တစ်စုံတစ်ခုကို မျှော်လင့်စောင့်စားပြီးကူညီတာမျိုးက တစ်ဖက်သားက ကိုယ်မျှော်လင့်တဲ့အတိုင်း မဆောင်ရွက်ရင် ကိုယ်တိုင်အမုန်းပွားပြီး စိတ်ပျက်နေရမှာဖြစ်ပါတယ်။ ဒါကြောင့်ကူညီမှုတွေမှာ တစ်စုံတစ်ခုကိုမျှော်ကိုးပြီး ကူညီတာမျိုးတွေမဖြစ်သင့်ပါဘူး။
၅။ အမြဲအလုပ်ရှုပ်အောင်နေပါ
တခါတရံမှာ ကျွန်တော်တို့တွေဟာလုပ်စရာရှိတဲ့ အလုပ်တွေကို ပစ်ထားပြီး တီဗွီကြည့်နေတာမျိုး၊ facebook သုံးနေတာမျိုးတွေ လုပ်တတ်ကြပါတယ်။ လုပ်စရာတွေရှိနေတဲ့အတွက် သက်တောင့်သက်တာနေရတာ ကို စိတ်မဖြောင့်ဖြစ်လာတတ်ပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ ဘာမှမစဉ်းစားပဲ လုပ်စရာရှိတာကို ထလုပ်လိုက်ပါ သင်အမှန်တကယ် ပျော်ရွှင်လာပါလိမ့်မယ်။ ဒါဟာဘာကြောင့်ဖြစ်ရသလဲဆိုတော့ ကျွန်တော်တို့လူတွေတော်တော်များများဟာ အားနေတဲ့အချိန်မျိုးမှာ အတွေးတွေလွန်လာတတ်ပြီး အဆိုးမြင်စေဖို့ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ ဒါကြောင့် အတွေးတွေမလွန်စေဖို့ ကိုယ့်ကိုယ်ကို အမြဲအလုပ်ရှုပ်အောင်နေပါ။
(ပိုပိုလေး)