LGBT ပရိသတ်တွေရဲ့ ၀က်ဝက်ကွဲဝေဖန်ခြင်းကို ခံလိုက်ရတဲ့ ဥက္ကာမင်းမောင်
24 Jan 2019 1,947 Views
ရုပ်ရှင်သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ အနုပညာလောကမှာ အားပေးသူပရိသတ်အခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်။ မိန်းကလေးများသာမက ယောကျာ်းလေးများက သဘောကျနှစ်ခြိုက်ရတဲ့ တောင့်တောင့်ဖြောင့်ဖြောင့် အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားသူဖြစ်ပြီး မော်ဒယ်တစ်ယောက်အဖြစ်နဲ့ မြန်မာ့အနုပညာလောကထဲကို တစ်ကျော့ပြန်ခြေချလာသူပဲဖြစ်ပါတယ်။ မိန်းမလေးတိုင်း ကြွေကျချင်စရာ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပေမယ့်လဲ ဥက္ကာမင်းမောင်ကတော့ LGBT အသိုင်းအ၀ိုင်းထဲက တစ်ယောက်ဖြစ်နေခဲ့ပါတယ်။
ချစ်သူနဲ့အတူတွဲရိုက်ထားတဲ့ပုံတွေ အွန်လိုင်းပေါ်မှာပြန့်နှံ့သွားပြီးနောက်ပိုင်းမှာ သူဟာဂေးတစ်ယောက်ဖြစ်ကြောင်းကို သတ္တိရှိစွာနဲ့ ၀န်ခံပြောကြားခဲ့ပါတယ်။ ဒီလိုမျိုးဖွင့်ဟလိုက်ပြီးတဲ့နောက်မှာတော့ ဝေဖန်ပြစ်တင်ပြောဆိုမှုကို ပြင်းထန်စွာခံခဲ့ရသလို ကိုယ့်ရဲ့ဖြစ်တည်မှုကို အမှန်အတိုင်းဝန်ခံပြောဆိုရဲတဲ့သတ္တိကြောင့် ချီးကျူးအားပေးသူတွေလဲ အများအပြားရှိခဲ့ပါတယ်။ ဒါ့အပြင် LGBT အသိုင်းအ၀ိုင်းကို ထောက်ခံအားပေးတဲ့အဖွဲ့အစည်းဖြစ်တဲ့ & Proud အဖွဲ့အစည်းကြီးကနေ ဥက္ကာမင်းမောင်ကို “Heroes Awards” ဆိုတဲ့ဆုကိုတောင် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
မနေ့ညမှာတော့ ဖေ့စ်ဘွတ်တစ်ခွင်မှာ ဥက္ကာမင်းမောင်ရဲ့ မကြာခင်ထွက်ရှိလာတော့မှာဖြစ်တဲ့ “၀က်ဝက်ကွဲအောင် ပွင့်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲက ဗီဒီယိုနမူနာလေးထွက်ပေါ်လာခဲ့ပါတယ်။ ထိုဗီဒီယိုထဲမှာတော့ ယောကျာ်းတစ်ယောက်အဖြစ်နဲ့ မွေးဖွားလာခဲ့ပေမယ့် မိန်းမစိတ်ပေါက်နေတဲ့သူတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ဥက္ကာမင်းမောင်ရဲ့သရုပ်ဆောင်ချက်တွေကြောင့် LGBT အသိုင်းအ၀ိုင်းကပါ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။
ဂေးတစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ဟာ အခြောက်တစ်ယောက်အဖြစ်နဲ့ သရုပ်ဆောင်ပြထားတာကြောင့် LGBT အချင်းချင်း ချိုးနှိမ်သလိုဖြစ်နေကာ အပုန်းကအပွင့်ကို လှောင်နေသလိုပဲဆိုတဲ့ LGBT အခွင့်အရေးလှုပ်ရှားသူတွေနဲ့ LGBT အသိုင်းအ၀ိုင်းကို ၀န်းရံအားပေးကြသူတွေက ပြင်းပြင်းထန်ထန်ရှုံ့ချဝေဖန်ခဲ့ကြတာကိုတွေ့ရပါတယ်။ LGBT အသိုင်းအ၀ိုင်းရဲ့ Hero ကြီးအဖြစ် ဂုဏ်ပြုခံထားရတဲ့သူတစ်ယောက်အနေနဲ့ ယခုလိုမျိုးမပြုလုပ်သင့်ကြောင်းကိုလဲ ဝေဖန်ပြောဆိုထားကြပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ဥက္ကာမင်းမောင်အပြင် ရန်အောင်၊ ပြေတီဦး၊ ထွန်းလွင်အောင်နဲ့ ၀တ်မှုန်ရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းက ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။