သားရဲ့ဖြစ်တည်မှုကို အတတ်နိုင်ဆုံးနားလည်လက်ခံပေးခဲ့ရကြောင်း ပြောပြလာတဲ့ ဥက္ကာမင်းမောင်ရဲ့မိခင်
23 Jan 2019 1,355 Views
ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဥက္ကာမင်းမောင်ဟာဆိုရင် တစ်ချိန်ကအနုပညာလောကမှာ နေရာတစ်နေရာရကာ အောင်မြင်ကျော်ကြားခဲ့သူဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ရှေ့ကနေ ခေတ္တပျောက်ကွယ်သွားပြီးနောက် ယောကျာ်းပီသတဲ့ အမိုက်စားဘော်ဒီနဲ့ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုပြန်လည်ဝင်ရောက်လာခဲ့ချိန်မှာတော့ မဟေသီတွေရဲ့ အသဲတွေတဖြုတ်ဖြုတ်နဲ့ ကြွေခဲ့ရပါတယ်။ ဘယ်ကဘယ်လို ပေါက်ကြားသွားမှန်းမသိတဲ့ ဥက္ကာမင်းမောင်နဲ့ ယောကျာ်းတစ်ယောက်တို့နမ်းရှုံနေတဲ့ ပုံရိပ်တွေကြောင့် သူဟာ Gay တစ်ယောက်ဖြစ်ကြောင်း အတိအလင်းဝန်ခံလိုက်တဲ့အချိန်မှာတော့ ဆိုရှယ်မီဒီယာတစ်ခွင်လုံး ပွက်လောရိုက်ခဲ့သလို ဝေဖန်ပြစ်တင်ပြောဆိုသံတွေလဲ ဆူညံခဲ့ကာ ဥက္ကာမင်းမောင်ကိုကြွေဆင်းခဲ့ကြတဲ့ မိန်းမထုကြီးရဲ့ ဖန်သားနန်းတော်ကြီးလဲ တစ်စစီထိရှပျက်စီးသွားခဲ့ရပါတယ်။
ဝေဖန်မှုတွေပြင်းထန်စွာရရှိခဲ့ပေမယ့် ကိုယ့်ရဲ့ဖြစ်တည်မှုကိုအတိအလင်းကြေညာရဲတဲ့ ဥက္ကာမင်းမောင်ရဲ့သတ္တိကိုလေးစားချီးကျုးခဲ့ကြသူတွေလဲ ဒုနဲ့ဒေးရှိခဲ့ပါတယ်။ ယခုလိုမျိုး ကိုယ့်ကိုကိုယ့် ဂေးတစ်ယောက်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းနဲ့ ထုတ်ဖော်ပြောဆိုခဲ့မှုကြောင့် LGBT အသိုင်းအ၀ိုင်းကိုယ်စားပြုအဖွဲ့ဖြစ်တဲ့ & Proud အဖွဲ့ကနေ ဥက္ကာမင်းမောင်ကို “Heroes Awards” ဆုကိုချီးမြှင့်သွားမှာဖြစ်ပါတယ်။ သားဖြစ်သူဟာ အဖွဲ့အစည်းတစ်ခုကိုကိုယ်စားပြုတဲ့ ဆုကိုရရှိသွားတဲ့အတွက် ဥက္ကာမင်းမောင်ရဲ့မိခင်ဖြစ်သူ ဒေါ်နီလာသိန်းမြင့်မှဝမ်းသာဂုဏ်ယူနေသလို သားဖြစ်သူရဲ့ဖြစ်တည်မှုကိုလည်း မိခင်တစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံးနားလည်လက်ခံပေးခဲ့ရကြောင်းကို မီဒီယာတစ်ခုရဲ့အင်တာဗျူးကနေပြောကြားသွားခဲ့ပါတယ်။
“သားကို Hero ဆုပေးမယ်ဆိုတာ ကြားသိလိုက်ရတဲ့အချိန်မှာ ရင်ထဲမှာတော်တော်လေးပီတိဖြစ်သွားမိတယ်။ သားက ဒီလိုမျိုးထုတ်ဖော်ပြောလိုက်တဲ့အပေါ်မှာ သူ့ကိုဆုချီးမြှင့်တဲ့ ဒီအဖွဲ့ကြီးရှိနေပါလားဆိုပြီး ဒီအဖွဲ့ကြီးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ သူကမွေးကတည်းက နည်းနည်းလေးနွဲ့သယောင်ယောင်ရှိတယ်။ ဒါပေမယ့်လည်း ကြီးလာရင်တော့ ပြောင်းသွားမှာပါလို့ ထင်ခဲ့မိတယ်။ ကြီးလာတော့ သူပေါင်းတဲ့ကောင်လေးတွေကလည်း ဂေး ဂေးချင်းတွေပဲဆိုတော့ အန်တီကပြောခဲ့တယ်။ မင်းသာအခြောက်ဖြစ်လို့ကတော့ မင်းကိုသတ်ပစ်မယ်၊ ကိုယ့်ကိုကိုယ်လည်း သတ်သေပစ်မယ်လို့ပြောတော့ သူက မေကြီးသတ်လဲ သေရမှာပဲလို့ပြောပြီး သူငို၊ ကိုယ်ငိုဖြစ်ခဲ့ကြတယ်။ အဲ့ကနေ အန်တီက Gay Research ဆိုပြီး Google ကနေရှာဖတ်ကြည့်ခဲ့တယ်”
“တကယ်တော့ ဂေးဖြစ်ရခြင်းအကြောင်းရင်းက အချက်တစ်ချက်တည်းမဟုတ်ဘူး။ မိဘကြောင့်လဲ မဟုတ်သလို ပတ်ဝန်းကျင်ကြောင့်လဲ မဟုတ်ဘူး။ မြှူစွယ်လို့လဲမဟုတ်သလို အပေါင်းအသင်းကြောင့်လဲမဟုတ်ဘူး။ အချက်ပေါင်းများစွာကြောင့် ဒီလိုဖြစ်လာတာကို မိဘတိုင်းကမသိကြဘူး။ မြန်မာပြည်မှာက ဘယ်လိုတွေးလဲဆိုတော့ ဗုဒွဘာသာမှာဆို မင်းအခြောက်ဖြစ်လာတာ အရင်ဘ၀ကမိန်းမဖြစ်ခဲ့လို့၊ ယောကျာ်းဖြစ်ခဲ့ရင်လည်း မကောင်းတာတွေလုပ်ခဲ့လို့ ဒီဘ၀မှာမိန်းမလိုလို၊ ယောကျာ်းလိုလိုတွေဖြစ်လာတယ်ဆိုပြီး တွေးကြတယ်။ အမှန်ကတော့ အဲ့လိုမဟုတ်ပါဘူး ဘယ်လိုပဲကြည့်ကြည့်ပါ။ အခု ဥက္ကာက ဒီလိုဖြစ်နေပေမယ့် သူ့ဘ၀ကြီးကအကုန်ကောင်းနေတာပဲလေ၊ သူစားချင်တာစားတယ် သူသွားချင်တဲ့နေရာ ကမ္ဘာပတ်ပြီးသွားတယ်၊ သူလုပ်ချင်တာအကုန်လုပ်နေနိုင်တာပဲဆိုတော့ ဒုက္ခရောက်နေတဲ့နေရာမှာ သူရှိနေတာမဟုတ်လို့ အဲ့တာကိုလိုက်ဖတ်ရင်းနဲ့ ကိုယ့်သားကိုနားလည်လာတဲ့အချိန်မှာ မိခင်တစ်ယောက်အနေနဲ့ သူ့ဘ၀ကြီးအောင်မြင်ဖို့ဘယ်လိုမျိုးထောက်ပံ့ပေးရမလဲတွေးတယ်။ တစ်ခါတစ်လေ သူစိတ်ဓာတ်ကျတဲ့အချိန်၊ သူအားငယ်တဲ့အချိန်တွေမှာ ဘယ်လိုအားပေးရမလဲပေါ့။”
“တစ်ခါတစ်လေကျရင် မြန်မာပြည်မှာအရမ်းနာမည်ကြီးမင်းသားဖြစ်မလာဘူးဆိုတာက ဘာ့ကြောင့်လဲဆိုရင် အန်တီက မင်းနွဲ့နေလို့ပေါ့ဆိုပြီး ပြောလိုက်တယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ အခုလိုမျိုး Mister Tourism World နိုင်ငံ ၁၃ နိုင်ငံပြိုင်ပွဲမှာ winner ဆုရခဲ့တယ်၊ ကမ္ဘာပတ်ပြီး သူဒိုင်လုပ်ခွင့်ရတယ်၊ သူ့ကိုဖိတ်ကြားတယ် အဲ့လိုမျိုးတွေဖြစ်တဲ့အချိန်မှာ သူများတွေဘယ်လိုပဲပြောပြော၊ ရှုံ့ချတဲ့သူ အထင်အမြင်သေးတဲ့သူတွေဘယ်လိုပဲပြောပြော အန်တီကတော့ဂုဏ်ယူတယ်။ အန်တီက ဥက္ကာရဲ့အမေဖြစ်သလို ဥက္ကာတစ်ယောက်ထူးချွန်ထက်မြက်လာတာ၊ သူ့ကိုယ်သူ သတ္တိရှိရှိနဲ့ ၀န်ခံရဲတာကိုလည်း ဂုဏ်ယူတယ်။ ဒီလိုထူးချွန်ထက်မြက်လာတဲ့ သားလေးတစ်ယောက်ကို ရတဲ့အတွက်လည်း ဂုဏ်ယူတယ်။ အမြဲတမ်းလဲ သားအတွက်ကို လိုတဲ့နေရာလေးတွေမှာ အကူအညီ၊ အကြံဥာဏ်ပဲဖြစ်ပါစေ၊ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် သူ့အတွက်လိုအပ်တဲ့အဖော်အဖြစ်နဲ့ဖြစ်ပါစေ Support လုပ်ပေးနိုင်တဲ့ မိခင်တစ်ယောက်အဖြစ်နဲ့ ရပ်တည်တယ်။” ဆိုကာ သားရဲ့ဖြစ်တည်မှုကို အကောင်းဆုံးနားလည်ပေးကာ လိုအပ်တာကိုထောက်ပံ့ပေးတဲ့ စံပြမိခင်ကောင်းတစ်ယောက်အဖြစ်ရပ်တည်နေကြောင်းကိုပါ ပြောပြသွားခဲ့ပါတယ်။
“Gay တစ်ယောက်ရဲ့မိခင်အဖြစ်နဲ့ ဂုဏ်ယူစွာနဲ့ ရပ်တည်နေတဲ့ ကျွန်မလိုအမေမျိုး၊ ကျွန်မပြောတဲ့စကားတွေအပေါ်မှာနားထောင်ပြီးတော့ပဲဖြစ်ဖြစ်၊ Gay သားလေးတွေ Lesbian သမီးလေးတွေ မွေးထားတဲ့မိခင်ဖခင်တွေ ကိုယ်မွေးထားတဲ့သားသမီးတွေက ဘာ့ကြောင့်ဒီလိုဖြစ်လာတာလဲဆိုတာကို နားလည်ပြီးတော့ ကလေးတွေအပေါ်မှာနားလည်ခွင့်လွှတ်ရင်း သူတို့ဘ၀ကိုအမြင့်ကိုတက်လှမ်းနိုင်ဖို့ Support လုပ်ပေးနိုင်တဲ့ မိခင်ဖခင်တွေပေါ်ထွက်လာပါစေဆိုပြီး” LGBT ဖြစ်နေတဲ့ သားသမီးတွေကိုပိုင်ဆိုင်ထားကြတဲ့ မိဘတွေအပေါ်လည်း အားပေးစကားပြောကြားသွားခဲ့ပါတယ်။
Source _ 8days