LV အမှတ်တံဆိပ် ကြိုးမဲ့နားကြပ် ဒေါ်လာ ၉၉၅ နဲ့ ရောင်းချမည်
21 Jan 2019 1,475 Views
တန်ဖိုးကြီး ဖက်ရှင်အသုံးအဆောင်ပစ္စည်များ ထုတ်လုပ်ရောင်းချနေသည့် ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်သော “Louis Vuitton”(LV) က ကြိုးမဲ့ နားကြပ်များကို စတင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချလိုက်ပြီဖြစ်ကြောင်း နယူးယော့ခ် အခြေစိုက် အသံပိုင်းဆိုင်ရာ ကုမ္ပဏီ Master & Dynamic က ဇန်နဝါရီလ ၁၇ ရက်နေ့က ကြေညာခဲ့ပါတယ်။
ဖက်ရှင်ကုမ္ပဏီနဲ့ အသံပိုင်းဆိုင်ရာ ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်လိုက်တဲ့ LV အမှတ်တံဆိပ် “Louis Vuitton Horizon Earphones” MW07 ကြိုးမဲ့နားကြပ်တစ်စုံကို အမေရိကန်ဒေါ်လာ ၉၉၅ (ကျပ် ၁၅ သိန်းကျော်) ကျသင့်မှာဖြစ်ပါတယ်။ Master & Dynamic က ပြီးခဲ့တဲ့နှစ်က အဆိုပါ MW07 နားကြပ်ကို ဒေါ်လာ ၂၉၉ နဲ့ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ “Louis Vuitton” နဲ့ ပူးပေါင်းပြီး LV အမှတ်တံဆိပ်အဖြစ် ဒီဇိုင်းကာလာတွေ ပြောင်းလဲခဲ့တာကြောင့် ဒေါ်လာ ၉၉၅ နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
နားကြပ်ရဲ့ စွမ်းဆောင်ရည်အနေနဲ့ 4.2 Bluetooth ပါရှိပြီး ဘတ်ထရီအပြည့်အနေအထားနဲ့ဆိုရင် အချိန် ၃ နာရီခွဲ တောက်လျောက် ချိပ်ဆက်အသုံးပြုနိုင်ပါတယ်။ ၁၀ နာရီခွဲ သီချင်း ဆက်တိုက်နားထောင်နိုင်တဲ့ ဘတ်ထရီအားသွင်းဗူးလေးပါ တွဲလျက်ပါရှိပါတယ်။ ရွေးချယ်စရာ အရောင် ၄ မျိုးလည်း ရှိပါတယ်။
အသံစွမ်းရည်အနေနဲ့ အလွန်ကောင်းမွန်ပေမယ့် ဈေးနှုန်းအရ နှိုင်းယှဉ်မယ်ဆိုရင် Apple, Sony, Jabra တံဆိပ်တို့ဟာ ဒေါ်လာ ၂၀၀ အောက်ဝန်းကျင်မှာသာရှိလို့ ဈေးနှုန်းနဲ့ အရည်အသွေးကိုတော့ ဝယ်ယူသူတွေကိုယ်တိုင်ပဲ ချင့်ချိန်ရမှာဖြစ်ပါတယ်။