အချုပ်ထဲမှာ ကျန်းမာရေးမကောင်းတာကြောင့် ဆေးရုံတင်ထားရတဲ့ ဒါရိုက်တာမိုက်တီး
02 Jan 2019 1,580 Views
မြန်မာ့ရုပ်ရှင်လောကနဲ့ အနုပညာအသိုင်းအ၀ိုင်းမှာ မသိသူမရှိတဲ့ ဒါရိုက်တာမိုက်တီးကတော့ လက်ရှိမှာ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံထားရတာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ရုပ်ရှင်ကားပေါင်းများစွာကို ဖန်တီးရိုက်ကူးခဲ့တဲ့ ဒါရိုက်တာမိုက်တီးကိုတော့ ၂၀၁၈ ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်ရှာဖွေတွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။
ရုံးချိန်းများဖြင့် တရားခွင်မှာစစ်ဆေးခံနေရတဲ့ ဒါရိုက်တာမိုက်တီးတစ်ယောက် အချုပ်ကျနေစဉ်မှာပင် ကျန်းမာရေးမကောင်းတာကြောင့် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ အင်းစိန်အကျဉ်းထောင်မှာ ဆေးရုံတင်ခံထားရတဲ့ ဒါရိုက်တာမိုက်တီးဟာ ယနေ့မှာတက်ရောက်ရမယ့် ရုံးချိန်းကိုတော့ ကျန်းမာရေးကြောင့် တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။
ဒါရိုက်တာမိုက်တီးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ညီမဖြစ်သူ သရုပ်ဆောင်လင်းဇာနည်ဇော်မှ ယခုလိုပဲပြောသွားခဲ့ပါတယ်။ “သူက အစာအိမ်ရှိတော့ အမတို့ဒီနေ့စစ်ဆေးတော့ အစာအိမ်မှာအလုံးတွေ့လို့။ အမှန်အတိုင်းပြောရင် ကျန်းမာရေးမကောင်းတဲ့ အစ်ကိုကိုအနီးကပ်တော့ ပြုစုချင်တာပေါ့နော်။ ဒါပေမယ့်လည်း တရားရုံးမှာ အာမခံယူဖို့ကျ ကိုယ်ပြောပြီးအဖတ်တင်သွားမှာကြောက်တယ်။ ရခဲ့ရင်တော့ ကိစ္စမရှိဘူးလေ။ သူက အရေးပေါ်ဖြစ်နေတော့ အစ်ကိုနေမကောင်းဖြစ်နေတာကြီးကို ဘေးနားမှာနေပြီးတော့ ပြုစုချင်တာပေါ့။ ဒါပေမယ့်လဲ ကံကြမ္မာပါပဲ။”
“လောလောဆယ် သူက၀မ်းသွေးပါနေတော့ အစာအိမ်တစ်ခုထဲကိုပဲစစ်တော့ အစာအိမ်မှာ အလုံးထပ်တွေ့တာ။ ကိုယ့်အသွေးအသားမှမဟုတ် လူတိုင်းအတွက် ကျန်းမာရေးကအရေးကြီးဆုံးမို့ ကိုမိုက်တီးအတွက်လည်း ဆုတောင်းပေးကြပါဦး”ဆိုကာ အစ်ကိုဖြစ်သူကျန်းမာရေး ပြန်ကောင်းလာစေဖို့အတွက် ဆုတောင်းပေးကြဖို့ကိုပါ မေတ္တာရပ်ခံခဲ့ပါတယ်။
အသက် (၅၃) နှစ်ရှိပြီဖြစ်တဲ့ ဒါရိုက်တာမိုက်တီးကတော့ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံထားရတာ လေးလကျော်ကြာမြင့်သွားပြီပဲဖြစ်ပါတယ်။ သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော်တို့ရဲ့ အစ်ကိုဖြစ်ပြီး တစ်ချိန်ကနာမည်ကြီးခဲ့တဲ ရုပ်ရှင်ဒါရိုက်တာကြီး ဦးခင်ဇော်ရဲ့ သားတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမိုက်တီးဟာ အချုပ်ကျနေတာကြောင့် ဖခင်ကွယ်လွန်ချိန်မှာတောင် သေဆုံးသူဖခင်ရဲ့ နောက်ဆုံးခရီးလေးကို ပို့ဆောင်ပေးခွင့်မရခဲ့သူပါ။ ဒါရိုက်တာမိုက်တီးရဲ့ ကျန်းမာရေးအမြန်ဆုံးပြန်ကောင်းလာပါစေလို့ ပရိသတ်တွေက ၀ိုင်းဝန်းဆုတောင်းပေးလိုက်ကြပါဦးနော်။
Source_MC 7