“လေးဏကလွဲလို့ မသုနဲ့ဘယ်သူမှ မထိုက်တန်ပါဘူးလို့” ဆိုလိုက်တဲ့ ပိုင်ဖြိုးသုညီမ နိုင်ဖြိုးဦး
02 Jan 2019 1,961 Views
သုသုလို့ ပရိသတ်တွေက ချစ်စနိုး ခေါ်ကြပြီး “မီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်ရဲ့အချစ်တွေအကုန်လုံးကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ချစ်သူဖြစ်သူ ဒါရိုက်တာဏကြီးနဲ့ နှစ်သစ်မှာရွှေလက်တွဲကာ နှစ်ယောက်တစ်ဘ၀ကို တည်ဆောက်လိုက်ပြီပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ မနက်ပိုင်းမှာ မင်္ဂလာဦးအလှူအတန်းပြုလုပ်ခဲ့ပြီး ညပိုင်းမှာတော့ မင်္ဂလာဧည့်ခံပွဲလေးကို အရိုးရှင်းဆုံးကျင်းပပြုလုပ်ခဲ့ပါတယ်။
ဂုဏ်ပကာသနတွေမပါပဲ အဖြူထည်လေးသက်သက်ကျင်းပခဲ့တဲ့ ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ရဲ့ မင်္ဂလာပွဲလေးကတော့ တက်ရောက်ဂုဏ်ပြုကြတဲ့ အနုပညာရှင်မောင်နှမတွေ၊ မိဘဆွေမျိုးအပေါင်းအသင်းများနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ပရိသတ်တွေအတွက်လည်း ပျော်ရွှင်ကြည်နူးစရာ မင်္ဂလာပွဲလေးဖြစ်ခဲ့ရပါတယ်။
သုသုရဲ့ ညီမဖြစ်သူနိုင်ဖြိုးဦးမှ အမဖြစ်သူရဲ့မင်္ဂလာဆောင်ပွဲလေးမှာ မင်္ဂလာမောင်နှံနှစ်ဦးနဲ့ပတ်သက်တဲ့ အမှတ်တရစကားတွေကို ၀မ်းနည်း၊ ၀မ်းသာမျက်ရည်ကျကာ စကားလက်ဆောင်ပါးခဲ့ပါတယ်။ အမှတ်တရစကားလေးတွေပြောရင်း ဒါရိုက်တာဏကြီးကလွဲရင် အမဖြစ်သူနဲ့ထိုက်တန်တဲ့သူ မရှိပါဘူးဆိုပြီး ပြောကြားခဲ့သလို နိုင်ဖြိုးဦးရဲ့အမှတ်တရစကားတွေကြောင့် မင်္ဂလာမောင်နှံအပါအ၀င် ပွဲလာသူအားလုံးလည်း ၀မ်းသာမျက်ရည်ဆို့ခဲ့ရပါတယ်။
ဒ့ါအပြင် အမဖြစ်သူနဲ့ပတ်သက်ပြီး တစ်ချိန်က ဒါရိုက်တာဏကြီးအပေါ်ထားရှိခဲ့တဲ့ သူမရဲ့စိတ်ထားလေးကိုလဲ အမှန်အတိုင်းဖွင့်ဟပြောဆိုသွားခဲ့ကာ ညီအမနှစ်ယောက်ကြားက အဖိုးမဖြတ်နိုင်တဲ့ သံယောဇဉ်ကိုပါပြသသွားခဲ့ပါတယ်။ အမအပေါ်မှာထားရှိတဲ့ ညီမတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့အတူ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရစကားတွေကိုပြောကြားသွားတဲ့ နိုင်ဖြိုးဦးရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။
သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ ဇနီးမောင်နှံနှစ်ယောက် ပျော်ရွှင်တဲ့ဘ၀လေးကို တည်ဆောက်ပြီး သာယာအေးချမ်းတဲ့ မိသားစုဘ၀လေးကို သက်ဆုံးတိုင်ပိုင်ဆိုင်သွားပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။