ကိုယ်တိုင်က တိရစ္ဆာန်သတ်ဖြတ်ခြင်းကိုကန့်ကွက်သူတစ်ယောက်ဖြစ်ပေမယ့် ခင်ပွန်းသည်အမဲလိုက်တာကို လိုက်လံအားပေးခဲ့တဲ့ မီဂန်
27 Dec 2018 1,472 Views
ယခင်အမေရိကန် ရုပ်သံဒရာမာသရုပ်ဆောင်(ယခု တော်ဝင်ကြင်ယာတော်တစ်ဦး(သို့)မြို့စားကတော်) မီဂန်မာကယ်လ်ဟာ Vegan တစ်ဦးဆိုတာ ဝန်ခံဖူးတဲ့လူတစ်ယောက်ပါ။ Vegan ဆိုတာက တိရစ္ဆာန်တွေကိုချစ်မြတ်နိုးသူ၊ တိရစ္ဆာန်တွေဆီကရတဲ့အသားတို့ကိုမစားသုံးသောသူ၊ တိရစ္ဆာန် ခန္ဓာကိုယ်ကရရှိတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ပြုလုပ်တဲ့ ပစ္စည်းတွေကို အသုံးမပြုသောသူကို ဆိုလိုတာဖြစ်ပါတယ်။
သူမဟာအင်မတန်မှဇီဇာကြောင်တဲ့ Vegan တစ်ဦးဖြစ်ခဲ့ပြီး တိရစ္ဆာန်တွေကိုသတ်ဖြတ်ပြီး သွေးထွက်သံယိုကိစ္စရပ်တွေကို မုန်းတီးသူတစ်ဦးဖြစ်ပါတယ်။ မီဂန်ဟာသိုးမွေး၊ မိကျောင်းသားရေ၊ မြွေသားရေတို့နဲ့ ပြုလုပ်တဲ့လူ့အသုံးအဆောင်ပစ္စည်းတွေကိုလဲအားမပေးပါဘူး။
သျှောင်နောက်ဆံထုံးပါဆိုသလို သူမ ဗြိတိန်နိုင်ငံရဲ့တော်ဝင်မင်းသား ဟယ်ရီနဲ့အကြောင်းပါခဲ့တဲ့အချိန်ကစပြီး သူမရဲ့အနုပညာလုပ်ငန်းတွေကိုလဲ ရပ်နားလိုက်ရပါတယ်။ မင်းသားဟယ်ရီမှာ သူမနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဝါသနာမျိုးရှိနေခဲ့မယ်ဆိုတာ ဘယ်သူကသိမှာလဲ။
မင်းသားဟယ်ရီဟာ ငယ်စဉ်ကလေးဘဝကတည်းက အမဲလိုက်ရတာကိုကြိုက်နှစ်သက်ပြီး အင်မတန်မှဝါသနာကြီးသူတစ်ယောက်ပါ။ တော်ဝင်မိသားစုရဲ့ အစဉ်အလာအရ ဒီဇင်ဘာလ အေးချမ်းတဲ့အချိန်အခါမှာတော်ဝင် အမဲလိုက်ပွဲကို Norfolk မှာပြုလုပ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က Vegan တစ်ဦးဖြစ်တဲ့ မီဂန်ဟာခင်ပွန်းဖြစ်သူကို တော်ဝင်အမဲလိုက်ပွဲကိုလိုက်သွားဖို့ ပိတ်ပင်တားဆီးတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့ ပါတယ်။ အယ်လီဇဘတ်ဘုရင်မကြီးကိုယ်တိုင်တောင်တစ်ချိန်က ကိုယ်တိုင်အမဲလိုက်ပြီး သွေးသံရဲရဲ နဲ့သေနေတဲ့ငှက်တွေကြားမှာဂုဏ်ယူဝင့်ကြွားစွာ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ ထိုအချိန်တုန်းက အမေရိကန်မှ Vegan များက ဘုရင်မကြီးကို များစွာရှုံ့ချခဲ့ကြပါတယ်။ Vegan တစ်ယောက်ဖြစ်တဲ့အမေရိကန်မ နဲ့လက်ထပ်လိုက်လို့ အမဲလိုက်ပွဲကို မင်းသားဟယ်ရီမလိုက်တော့ဘူးဆိုရင် တော်ဝင်အစဉ်အလာတွေပျက်ပြားကုန်မှာကို ဗြိတိန်လူမျိုးတွေက စိုးရိမ်နေကြပါတယ်။
မီဂန်တစ်ယောက် တိရစ္ဆာန်တွေကိုအကြောင်းမဲ့ သတ်ဖြတ်တာကိုကြိုက်နှစ်သက်ခြင်းမရှိတဲ့အပြင် ကိုယ်ဝန်လွယ်ထားရတဲ့ သွေးနုသားနုအချိန်အခါဖြစ်တာကြောင့် တော်ဝင်အမဲလိုက်ပွဲကိုမလိုက်လောက်ဘူးလို့ လူတွေကထင်ခဲ့ကြတာပါ။ သို့ပေမဲ့ အထင်နဲ့အမြင်လွဲမှားစွာ မီဂန်ဟာ တော်ဝင်အမဲလိုက်ပွဲရဲ့ နေ့လည်စာစားတဲ့အချိန်မှာ မရီးတော် ကိတ်မစ်ဒယ်လ်တန်နဲ့ အတူ ထွက်ပေါ်လာခဲ့ပါတယ်။
သူမအနေနဲ့ မင်းသားဟယ်ရီကို အမဲလိုက်လိုက်ခြင်းမှပိတ်ပင်တားဆီးခြင်းမရှိဘူး ဆိုတာ သိသာလှပါတယ်။ ကိုယ်တိုင်က တိရစ္ဆာန်တွေကိုသတ်ဖြတ်တာကြိုက်နှစ်သက်ခြင်းမရှိသော်လည်း ခင်ပွန်းသည်အတွက် ပါရမီဖြည့်ပေးဖို့ ကိုယ်တိုင်အမဲလိုက်တာကိုအားပေးခဲ့တဲ့ သူမရဲ့စိတ်ဓာတ်ဟာ လေးစားဖွယ်အတိပါပဲ။