BEC-TERO TV

ကိုယ့်အပေါ် မကောင်းတဲ့လူတွေနဲ့ ကြုံတွေ့ရတဲ့အခါဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

24 Dec 2018     2,060 Views


၁။ အခြေအနေတစ်ရပ်ကိုထင်မြင်သုံးသပ်တဲ့သင့်ခံယူချက်ကို အရင်ပြင်ပါ

ကျွန်တော်တို့တွေဟာ ကျွန်တော်တို့တွဲနေတဲ့ လူ ၅ ယောက်ရဲ့ ပျမ်းမျှရလဒ်ကို ရကြတာဖြစ်ပါတယ်။ ဒီကမ္ဘာလောကကြီးမှာ ဘယ်သူကမှသင့်အပေါ်ကောင်းနေတာ မဟုတ်သလို၊ ဆိုးနေတာလဲမဟုတ်ပါဘူး။ လူတိုင်းဟာ သူ့ဖြစ်စဉ်အတိုင်းသွားလာ လှုပ်ရှားပြုမူနေကြတာဖြစ်ပါတယ်။ ဝတ္ထုစာအုပ်တွေ၊ ဇာတ်လမ်းတွေထဲမှာဆိုရင် ဇာတ်လိုက်က လူကောင်းဖြစ်ပြီး ဗီလိန်ကအမြဲလူဆိုးဖြစ်ရပါတယ်။ ဒါဟာမမှန်ပါဘူး။ လူတွေဟာအမြဲ ကောင်းမနေနိုင်သလိုအမြဲလဲဆိုးမနေနိုင်ပါဘူး။ လူတိုင်းမှာ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ် ကိုယ်စီရှိကြပါတယ်။ ဒါကြောင့် သင့်အပေါ်အရင်က ကောင်းခဲ့ပြီး ထိုသူဟာ နောက်ပိုင်းမှာသင့်အပေါ်မကောင်းတော့ဘူးဆိုရင်ဝမ်းမနည်းပါနဲ့။ ဒါဟာသဘာဝပါ။ တစ်ခုခုဆိုရင် သင့်အပေါ်အမြဲကောင်းပေးဖို့ မျှော်လင့်မိတဲ့ သင်ကိုယ်တိုင်ရဲ့ အမှားပဲဖြစ်ပါတယ်။

၂။ လူတစ်ယောက်ကောင်းတယ်၊ မကောင်းဘူးဆိုတာဘာနဲ့တိုင်းတာသလဲ?

လူတစ်ယောက်ကောင်းတယ်၊ မကောင်းဘူးဆိုတာကိုသင်ဘာပေတံနဲ့ တိုင်းတာပါသလဲ? အကြင်သူက သင့်အပေါ်မကောင်းလို့မကောင်းဘူးလို့ပြောတာလား၊ ဒါမှမဟုတ်လူတိုင်းအပေါ်မကောင်းလို့မကောင်းဘူးလို့ပြောတာလား။ အကယ်၍ ထိုသူက လူတိုင်းအပေါ်မကောင်းဘူး အဆိပ်အတောက် ဖြစ်စေတယ်ဆိုရင်တော့ တတ်နိုင်သလောက်ရှောင်ပါ။ သင်တစ်ယောက်တည်းအပေါ် မကောင်းတာဆိုရင်တော့အကြောင်းအရင်းကိုရှာဖွေပါ။ ဘာကြောင့်လဲဆိုတော့ သင့်အပေါ်ကျရောက်လာတဲ့ ပြဿနာတွေ၊ ခေါင်းခဲစရာကိစ္စတွေဆိုတာ သင်ကိုယ်တိုင် စတင်ခဲ့လို့ဖြစ်ပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကိုသင်ကိုယ်တိုင် ခေါင်းအေးအေးထား ပြန်စဉ်းစားပြီး ရှာဖွေသင့်ပါတယ်။

၃။ လူတိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဘဝအတွေ့အကြုံချင်းမတူကြပါဘူး
 

လူတိုင်း မှာကြုံတွေ့ခဲ့ရတဲ့ နောက်ခံဘဝဇာတ်ကြောင်းချင်းမတူကြပါဘူး။ ငယ်စဉ်က အရမ်းကြိုက်ခဲ့တဲ့ ရေခဲမုန့်ကို မိဘတွေကအလိုလိုက်ပြီး နေ့စဉ်ဝယ်ကျွေးတာခံရတဲ့ကလေးတစ်ယောက်အတွက် ရေခဲမုန့်စားနေရတာက အထူးအဆန်းမဟုတ်တော့ပေမဲ့ တစ်လနေမှတစ်ခါစားရမယ်ဆိုပြီး စည်းကမ်းတင်းကျပ်လို့ တစ်လမှ ရေခဲမုန့်တစ်ခုသာစားရတဲ့ကလေး နဲ့ ပျော်ရွှင်မှုပုံစံချင်း၊ ခံစားချက်ချင်းမတူကြပါဘူး။ ဒါကြောင့်လူတွေတစ်ယောက်နဲ့ တစ်ယောက်ခံယူချက်ချင်းမတူတာကို လက်ခံထားဖို့လိုပါတယ်။ လူတွေက သင်နဲ့ ခံယူချက်မတူတိုင်း မှားနေတာ၊ သင့်အပေါ်မကောင်းနေတာမဟုတ်ပါဘူး။ ဒီလိုပါပဲ သူတို့နဲ့ ခံယူချက်ချင်းမတူတဲ့ သင်လဲမှားနေတာမဟုတ်ပါဘူး။ လူတိုင်းက ကိုယ်ဖြတ်သန်းခဲ့ရတဲ့ နောက်ခံဘဝဇာတ်ကြောင်းချင်းမတူလို့ပါ။

၄။ အပြစ်မတင်ပါနဲ့၊ ရှောင်ကြဉ်ပါ

သင့်ကို ဘလိုင်းကြီးအပြစ်မရှိအပြစ်ရှာ လုပ်ခံရတာမျိုးကြုံဖူးလား? လူတစ်ယောက်နဲ့ တစ်ယောက်ဘာလို့အပြစ်တင်ကြသလဲ? ဘာကြောင့်အပြစ်တင်ကြသလဲဆိုတော့ကိုယ်လုပ်လိုက်တဲ့ ပြစ်မှုကို သူများကြောင့်ဆိုပြီး ရှာကြံအပြစ်တင်လိုက်ရင်ကိုယ့်အပြစ်ပေါ့သွားသလို ခံစားရစေတယ်။ ဒါပေမယ့် ဒီလိုအပြစ်တင်လိုက်တော့ ဘာဖြစ်သွားလဲ ကိုယ်လုပ်လိုက်တဲ့ ပြဿနာကရောဖြေရှင်းပြီးသွားရောလား? မပြီးပါဘူး။ ကိုယ်အပြစ်တင်လိုက်တဲ့လူနဲ့ ကိုယ့်ကြားမှာအမုန်းပွားမှုတွေတောင်ဖြစ်လာနိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ်ကဘာအမှားမှမလုပ်ပဲ အပြစ်တင်ခံရရင်ထိုသူကို နောက်ခါမပေါင်းပါနဲ့ ဝေးဝေးကရှောင်သင့်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မကောင်းတဲ့ ဓာတ်ဆိုတာ ကူးစက်မြန်တာမို့ နောင်တစ်ချိန်မှာ သင်လဲထိုနည်းလည်းကောင်းတခြားသူတစ်ယောက်ကို မပြုမူနိုင်ဘူးဆိုတာ မပြောနိုင်ပါဘူး။

၅။ စိတ်ရင်းအမှန်နဲ့ပြောဆိုဆက်ဆံပါ

သင့်အပေါ် ကောင်းတဲ့လူတွေရော၊ မကောင်းတဲ့လူတွေအပေါ် ရောပါ စိတ်ရင်းအမှန်နဲ့ပြောဆိုဆက်ဆံပါ။ ဒါဟာကိုယ့်အပေါ်မကောင်းတဲ့ လူတွေကိုသည်းခံ ခွင့်လွှတ်ခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်အပေါ်မကောင်းတဲ့လူကိုတောင် သင်က ကောင်းကောင်းမွန်မွန်ပြန်လည် ပြောဆိုဆက်ဆံမယ်ဆိုရင် ထိုသူက သူ့ကိုယ်သူ ရှက်တတ်သွားပါလိမ့်မယ်။ ရှက်တတ်လာရင် သင်ဟာ သူပေါင်းထိုက်တဲ့လူတစ်ယောက် မဟုတ်ဘူးဆိုတာ သိတာနဲ့ သူကိုယ်တိုင်ပဲဖယ်ခွာသွားပါလိမ့်မယ် သင်ကိုယ်တိုင်မောင်းထုတ်စရာမလိုပါဘူး။

၆။ လူတွေဟာ သူတစ်ပါးနာကျင်စေမယ့်စကားတွေကိုပြောကြပါတယ်

ဒီလိုလူတွေကိုတွေ့ရင် ကြင်နာပေးလိုက်ပါ။ သူတစ်ပါး နာကျင်စေမယ့်စကားတွေကို နှုတ်က အများဆုံးပြောထွက်တဲ့လူတွေဟာ သူမတူတဲ့နာကျင်မှုတွေ၊ လောကဓံရဲ့ အထုအထောင်းတွေကို အများဆုံးခံခဲ့ရတာမို့ သူ့မှာ အကောင်းမြင်စိတ်ဆိုတာ မရှိတော့တာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ သင့်ကိုနာကျင်စရာစကားလုံးတွေနဲ့ လာဆဲနေရင်တောင် ကြင်နာစွာဆက်ဆံပေးလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လောကကြီးမှာ လူကောင်းတွေရှိသေးတယ်ဆိုတာ ထိုသူကသိမြင်နားလည်ပြီး လောကကြီးကို အကောင်းမြင်စိတ်နဲ့ကြည့်တတ်လာပါလိမ့်မယ်။

Popolay မှတင်ဆက်ပေးတဲ့ ဒီပို့စ်လေးက ပရိတ်သတ်ကြီးအတွက် အထောက်အကူပြုပြီး စိတ်ထဲမှာမရှင်းတဲ့ပြဿနာအချို့ကိုဖြေရှင်းပေးနိုင်တယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့ကြနဲ့ဦးနော်။ အားလုံးပဲ နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေ အကျိုးရှိတာတွေကိုလုပ်ဆောင်ရင်း သာယာလှပတဲ့နေ့စဉ်ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။


24 Dec 2018     2,060 Views




RELATED

Most Popular of Special or Others

Most Popular of Life Style